ဧပြီလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံမြောက်ပိုင်း နှင့် အရှေ့မြောက်ပိုင်းဒေသများပါဝင်သည့် ထိုင်းနိုင်ငံအထက်ပိုင်းဒေသများတွင် ယနေ့ ဧပြီလ ၂၃ ရက်မှ ဧပြီလ ၂၅ ရက်နေ့အတွင်း မိုးသက်လေပြင်း များနှင့် မိုးကြိုးပစ်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့် နွေမုန်တိုင်း ဝင်ရောက်နိုင်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြရေးသားကြသည်။
မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ထိုင်းမြောက်ပိုင်းဒေသက ချင်းမိုင်၊ ချင်းရိုင်း နှင့် မယ်ဟောင်ဆောင် အပါအဝင် ခရိုင် ၉ ခု နှင့် ထိုင်းအရှေ့မြောက်ပိုင်း ခရိုင်များဖြစ်သည့် ခွန်ကန်၊ နခွန်ရာချာစီမာ အစရှိသည့် ခရိုင်ပေါင်း (၂၀)တို့တွင် နွေမုန်တိုင်းကို အဓိက ခံစားရနိုင်ကြောင်း ထိုင်းမိုးလေဝသ၏ သတိပေးချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်နှင့် The Nation Thailand သတင်းဌာနများက ဖော်ပြကြသည်။
ယခုတစ်ကြိမ် သတိပေးချက်သည် အခုလအတွင်း ထိုင်းမိုလေဝသဌာန၏ ဒုတိယအကြိမ် သတိပေးချက်ဖြစ်သည်။ နွေမုန်တိုင်းကျရောက်ချိန်တွင် မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် အချို့နေရာများတွင် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
ယနေ့ မွန်းလွဲပိုင်းအချိန်ထိ မိုးသက်လေပြင်းကျရောက်ခြင်း၊ မိုးရွာခြင်းမျိုး မရှိသေးသော်လည်း ချင်းမိုင်တွင် ယမန်နေ့ကတည်းက မိုးအုံ့နေသည်ဟု ချင်းမိုင်းရောက် မြန်မာရွှေ့ပြောင်းကျောင်းသူ တစ်ဦးက ပြောသည်။
၎င်းက “ဒီမှာတော့ မိုးရွာတာမျိုး လေပြင်းပြင်းတိုက်တာမျိုးတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ မနေ့ကတည်းက စပြီး မိုးတွေ အုံ့နေတယ်။ ဟိုတလောက ဖြစ်နေတဲ့ လေထု ညစ်ညမ်းတာမျိုးကတော့ အခုထိ ဆက်ဖြစ်နေ သေးတယ်ထင်တယ်။ အမှုန်အဝါးတွေ မြင်နေရတုန်းပဲ” ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ နွေမုန်တိုင်းသည် ကနဦးတွင် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း နှင့် အရှေ့ပိုင်း ဒေသများကို စတင် သက်ရောက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများအပါအဝင် အလယ်ပိုင်း လွင်ပြင်ဒေသ များအထိ ပျံ့နှံ့ရောက်ရှိသွားမည်ဟု ထိုင်းမိုးလေဝသဦးစီးဌာနက ဆိုထားသည်။
ယခုလို ဖြစ်ပေါ်ရခြင်းမှာ တရုတ်နိုင်ငံမှ လေဖိအားကြီးရပ်ဝန်း သို့မဟုတ် လေအေးစီးကြောင်းသည် အရှေ့ မြောက်ပိုင်း နှင့် တောင်တရုတ်ပင်လယ်ပြင်အထိ ကျရောက်လာခြင်းကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံအထက်ပိုင်းတွင်မူ ပူပြင်းသည့်ရာသီဥတုမှသည် အလွန်ပူပြင်းသည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ် နေမည်ဟုလည်း ဆိုထားသည်။
နွေမုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို သတိပြုရန် နှင့် ကွင်းပြင်များ၊ သစ်ပင်ကြီး များအောက်၊ မခိုင်ခံ့သော အဆောက်အအုံများ သို့မဟုတ် ဆိုင်းဘုတ်ကြီးများအနီးတွင် နေထိုင်ခြင်းကို ရှောင် ကြဉ်ရန်လည်း ထိုင်းအာဏာပိုင်းများက သတိပေးထားသည်။
ထို့အပြင် ထိုင်းတောင်သူလယ်သမားများအနေဖြင့် သီးနှံများ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိစေရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် နှင့် သစ်သီးပင်များကို ခိုင်ခံ့အောင် အားဖြည့် ထားရန် ဆက်လက်တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ အထက်ပိုင်းရှိ ခရိုင်ပေါင်း (၅၅) ခုတွင် နွေမုန်တိုင်း ကျရောက် နိုင်ကြောင်း ထိုင်းမိုးလေဝသက ပထမအကြိမ် သတိပေးထုတ်ပြန်ထားသေးသည်။



















