မတ် (၃၀) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်လမ်းအတွက် အဓိကအားထားရာ ဘုရားသုံးဆူမြို့ရှိ “ကျောင်းဂိတ်”ကို ထိုင်းအာဏာပိုင်များဘက်က မတ်လ (၂၉)ရက်နေ့မှစတင် ပိတ်လိုက်သည့်အတွက် ဒေသတွင်းကုန်သွယ်သွားလာရေးခက်ခဲသွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။
လူအဝင်အထွက်အပြင် ပြည်တွင်းဘက်မှ စက်သုံးဆီများသယ်ဆောင်မရသဖြင့် ဘုရားသုံးဆူမြို့တွင်းနေပြည်သူလူထုသည် ထိုင်းဘက်မှ ထိုဂိတ်ကိုဖြတ်၍ မှောင်ခိုစျေးနှင့်တင်သွင်းလာသည့် ဆီများကို ဈေးကြီးပေးဝယ်နေကြရခြင်းဖြစ်သည်။
“အထူးသဖြင့် အဲဒီကျောင်းဂိတ်ကိုပဲအများမှီခိုရတာ။ ပစ္စည်း၊ အထုပ်အပိုးသယ်တာတွေ ဝင်ထွက်သွားလာတာတွေ နောက်ဆုံးဆီသယ်တာတာအစ အဲဒီဂိတ်မှာဖြတ်လာတာ။ အခု ထိုင်းဘက်က ရေရှည်ပိတ်ရင်တော့ ကျမတို့ဒီမှာနေတာ ပိုခက်လာမှာ”ဟု ဘုရားသုံးဆူမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါဂိတ်အား ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့က ကန်ချနပူရီခရိုင်ရှိ ထာ့ခနွန်စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိသည့်ကိစ္စဖြင့် မူးယစ်ဆေးဝါးများတင်သွင်းရန် ဘုရားသုံးဆူ နယ်စပ်လမ်းကြောင်းကိုအသုံးပြုသည်ဆိုကာ ထိုင်းအာဏာပိုင်များက ပိတ်ထားလိုက်ခြင်းဖြစ်သည်။
သို့ရာတွင် နယ်စပ်ရေးရာနှင့်ပတ်သက်၍ နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှု အမြဲရှိနေသည်ဟု ဘုရားသုံးဆူမြန်မာဘက်ခြမ်းမှ နှစ်နိုင်ငံနယ်စပ်ချိတ်ဆက် ညှိနှိုင်းရေးတာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA၊ အမှတ်(၂)နည်းဗျူဟာ၏ ဗိုလ်မှူးကြီးစောအေဝမ်းကဆိုသည်။

၎င်းက “အခု အဲဒီလမ်းက လူသွားလူလာအတွက်ဆိုရင်သွားလို့ရတယ်။ ဒါပေမယ့် အထုပ်တွေသယ်လို့မရဘူး။ သူတို့ဘက်က သံကြိုးတွေနဲ့ပိတ်ထားလိုက်တာ။ ဘာလို့ပိတ်လဲဆိုတော့ ထာ့ခနွန်မှာ မူးယစ်ဆေးဝါး ဖမ်းမိတာက ဒီလမ်းပေါက်ကနေ ဝင်လာတယ်ဆိုပြီးသူတို့ စစ်ဆေးရမိတယ်။ အမှန်ဆိုဒီလမ်းက သူတို့ဘက်ကနားလည်ထားတာက လူဝင်ထွက်သွားလာအတွက်ပဲ”ဟု ကေအိုင်စီသို့ပြောသည်။
တဖက်တွင် မြန်မာအပါအဝင် ထိုင်းနိုင်ငံ၌ ဆီကန့်သတ်ကြပ်တည်းမှုများဖြစ်ပေါ်နေချိန် ထိုင်းဘက်က စက်သုံးဆီကိုမှောင်ခိုစျေးဖြင့်ဝယ်ယူနေရသည့် ဘုရားသုံးဆူမြို့တွင် ထိုနယ်စပ်ဂိတ် ရက်ရှည်ပိတ်ပါက ဆီစျေးပိုမိုတက်လာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။
မြို့ခံများပြောပြချက်အရ တစ်လီတာ (၄၀)ဘတ်ဝန်းကျင်ရှိသည့် ထိုင်းဘက်ကစက်သုံးဆီများမှာ မှောင်ခိုလမ်းကြောင်းကိုဖြတ်လာပြီးနောက် ဘုရားသုံးဆူမြို့ထဲတွင် တစ်လီတာ (၉၅)ဘတ်ဖြင့် လက်ရှိ ပေးဝယ်နေရသည်ဟု သိရသည်။
ပြီးခဲ့သည်၂၀၂၄ ခုနှစ်ကစတင်၍ ဘုရားသုံးဆူမြို့တွင် နယ်စပ်လမ်းဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) နှိမ်နင်းရေးအစီအစဉ်ကြောင့် ထိုင်းမှမြန်မာကို လျှပ်စစ်ဖြတ်တောက်ခြင်း၊ စက်သုံးဆီတင်သွင်းခြင်းပိတ်ဆို့မှုများရှိခဲ့သည်။



















