မတ် (၃၀)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စက်သုံးဆီလိုသလောက်ဝယ်မရ အခြေအနေရှိသည့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဆီဆိုင်ကြီးများတွင် ယနေ့ မတ်လ (၃၀)ရက်အထိ ဆီဈေးနှုန်းအရ ယခင်ထက် သုံးပုံတစ်ပုံနီးပါး ဈေးမြင့်တက်နေကြောင်း မဲဆောက်မြို့တွင်နေထိုင်သူများထံမှ သိရသည်။
ဆီအကြပ်အတည်းစတင်ဖြစ်ပွားသည့်အချိန်က ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ထိုင်းဘတ် (၄၀)ကျော်၊ ဓာတ်ဆီ (၃၀)ကျော်သာ ရှိခဲ့ရာမှ လက်ရှိ ပရီမီယံဒီဇယ်အတွက် တစ်လီတာ (၅၉)ဘတ်၊ ဓာတ်ဆီ (၄၃) ဘတ်အထိ ဈေးတက်သွားခြင်းဖြစ်သည်ဟု မဲဆောက်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
“အခုလကုန်ရက်မှာ (၁၀)ဘတ် ဝန်းကျင်အထိ ဈေးတက်လာတယ်။ ပရီမီယံဒီဇယ်က (၅၉) ဘတ်ကျော်ပြီ ဓာတ်ဆီက (၄၃)ဘတ်ကျော် တက်လာတယ်။ အရင်က ဆိုင်ကယ်ဆီအပြည့်ထည့်မှ ဘတ် (၁၀၀) ပဲ။ အခု ဘတ် (၁၅၀) ဖိုးထည့်မှအပြည့်ရတော့တယ်” ဟု အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားက ပြောသည်။
သို့သော်လည်း စက်သုံးဆီရသလောက် လိုက်လံဝယ်ယူနေသည့်အခြေအနေကြောင့် အချို့ဆီဆိုင်ကြီးများတွင် တစ်မနက်ခင်းတင် အရောင်းပြတ်ပြီး ဆိုင်ပိတ်ရသည့်အနေအထားများ ဆက်ရှိနေဆဲဖြစ်ကြောင်း မဲဆောက်ရောက်နေသူများထံမှ သိရသည်။
ထို့ကြောင့် ယခင်က စက်သုံးဆီဆိုင်များတွင် ပေပါပုံးများဖြင့် အလွတ် ဆီဝယ်ယူ၍ရသည့်အခြေအနေမှ လတ်တလောမရောင်းပေးတော့သည့်အပြင် မဲဆောက်ရဲတပ်ဖွဲ့ကလည်း လှည့်လည်စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု ဆီဆိုင်ဝန်ထမ်းများက ပြောသည်။
မဲဆောက်မြို့ရှိစက်သုံးဆီဆိုင်ဝန်ထမ်းတစ်ဦးက “ဆီပုံးအလွတ်၊ ဆီတိုင်ကီအပို တင်လာပြီးဝယ်တဲ့သူတွေ အရင်ကရောင်းတယ်။ အခုဆိုင်ရှင်တွေကပေးမရောင်းတော့ဘူး။ ဆီမှောင်ခိုဝယ်တာ ရောင်းတာလုပ်လို့တွေ့ရင် ရဲဖမ်းနေလို့ “ဟု ကေအိုင်စီကိုပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံထဲမှမြန်မာနိုင်ငံဘက်သို့ ဆီမှောင်ခိုပို့၍ရောင်းချသူများရှိနေခြင်းကြောင့် ပြင်ပမှောင်ခိုဆီဈေးကွက်ဖြစ်နေပြီး ဓာတ်ဆီ 95 တစ်လီတာလျှင် ထိုင်းဘတ်(၁၀၀)အထိပေါက်ဈေးရှိသည်။ ဒီဇယ်ဆီတစ်လီတာအတွက်မူ ဘတ် (၁၅၀)ခန့် ရှိကြောင်း နယ်စပ်သတင်းအရင်းအမြစ်များက ပြောသည်။
အလားတူ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ တွင်လည်း ဓာတ်ဆီ လီတာ၂၀ ဆန့် ဆီပုံးအဝါ တစ်ပုံးလျှင် ဘတ်(၂,၀၀၀) ရှိပြီး ဒီဇယ် တစ်ပေပါလျှင် ဘတ် (၂၀,၀၀၀) အထိ မှောင်ခိုဈေးဖြင့် အရောင်း၊ အဝယ်လုပ်ကိုင်နေကြသည်။



















