Home သတင်း ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအခြေအနေရောက်

ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအခြေအနေရောက်

376
Photo: AFP

မတ် (၃၀)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၏ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန (PCD) လက်အောက်ရှိ လေထုညစ်ညမ်းမှုလျှော့ချရေး ဗဟိုဌာနမှ အမှုန်အမွှားအရွယ်အစား PM 2.5 အဆင့်ထိ လေထုညစ်ညမ်းနိုင်ကြောင်း သတိပေးပြီးရက်ပိုင်းအတွင်း နိုင်ငံမြောက်ပိုင်းတွင် အဆိုးရွားဆုံးအခြေအနေသို့ရောက်ရှိလာကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ခရိုင်ပေါင်း (၁၇) ခုတွင် အမှုန်အမွှား (Fine Dust) အဆင့် မြင့်တက်လာနိုင်ကြောင်း မတ်လ (၂၇) ရက်နေ့က PCD မှသတိပေးထားခြင်းဖြစ်သည်။ ထို့နောက် ရက်ပိုင်းအတွင်း သိသိသာသာ လေထုညစ်ညမ်းမှုကြောင့် နှာခေါင်းသွေးယိုသည်အထိဖြစ်လာကြောင်း လက်ရှိချင်းမိုင်မြို့တွင်နေထိုင်သည့် မြန်မာကျောင်းသူတစ်ဦးက ပြောသည်။

“လေထုညစ်ညမ်းမှုက ပိုပိုဆိုးလာတယ်။ ကျမတို့နေတဲ့‌နေရာကနေအပြင်ထွက်ရင် ဘာမှရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ကျမ သူငယ်ချင်းတွေဆို နှာခေါင်းသွေးယိုကြတယ်။ ကျမကတော့ အပြင်သိပ်မထွက်တော့ ဘာမှမဖြစ်သေးဘူး။” ဟု အဆိုပါကျောင်းသူက ပြောသည်။

ထိုင်းသတင်းဌာနများတွင်ဖော်ပြချက်အရ ယမန်နေ့ မတ်လ (၂၉) ရက်နေ့အထိ ထိုင်းမြောက်ပိုင်းဒေသအများ အပြားတွင် လေထုအရည်အသွေးမှာ အနီရောင်အဆင့် (Red Zone)တွင် ဆက်လက်တည်ရှိနေသည်။

အဆိုပါ ဒေသများတွင် ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ လန်းပန်း၊ လန်းဖွန်၊ နန်၊ ဖရေး၊ ဖယောင်း နှင့် တာ့ခ် ခရိုင်တို့ ပါဝင်ပြီး လေထုထဲ PM 2.5 အမှုန်အမွှားပါဝင်မှုနှုန်းမှာ တစ်ကုဗမီတာလျှင် ၂၈.၂ မိုက်ခရိုဂရမ်မှ အမြင့်ဆုံး ၁၉၈.၃ မိုက်ခရိုဂရမ်အထိ တိုင်းတာရရှိထားသည်ဟု ဆိုသည်။

ထို့အတူ ယနေ့မှစ၍ လာမည့် ဧပြီလ (၅) ရက်နေ့အတွင်း PM 2.5 လေထုညစ်ညမ်းမှုအဆင့် ဆက်လက်မြင့်မားနိုင်ချေရှိနေသည်။ အထူးသဖြင့် ချင်းမိုင်မြို့နှင့်အနီးတစ်ဝိုက်တွင် အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်းလည်း ထိုင်းအာဏာပိုင်များကသတိပေးမှုရှိနေသည်။

လေထုညစ်ညမ်းမှုအခြေအနေဆိုးရွားလာရခြင်းမှာ တောမီးရှို့မှုများနှင့်ဆက်နွှယ်၍ အပူဒဏ် ပြင်းထန်ရာနေရာများ ရုတ်တရက် အဆမတန်တိုးပွားလာခြင်းကြောင့် ဖြစ်သည်ဟုလည်း သတိပေးချက်များက ဖော်ပြသည်။ ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နှစ် အောက်တိုဘာလ (၁)ရက်မှစ၍ စုစုပေါင်းအပူ ဒဏ်ပြင်းထန်သည့်နေရာ (၅၇,၁၄၃)ခုရှိသည်။

ထို့အပြင် ယခုကာလ၌ ပြည်သူများ မလိုအပ်ဘဲအပြင်ထွက်သွားလာခြင်းကို ရှောင်ရှားရန်နှင့် လိုအပ်ပါက အကာအကွယ်နှာခေါင်းစည်း (Mask) များ တပ်ဆင်ကြရန်လည်း ထိုင်းတာဝန်ရှိသူများက တိုက်တွန်းထားသည်။

Air4Thai ကဲ့သို့သော ပလက်ဖောင်းများမှတစ်ဆင့် လေထုအရည်အသွေးအခြေအနေကို အချိန်နှင့်တပြေးညီစောင့်ကြည့်ကြရန်လည်း နှိုးဆော်ထားပြီး တရားမဝင်တောမီးရှို့မှု ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်အရေးယူရန် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး ရက်ထဖွန် နာရာဒီဆွန် (Ratthaphon Naradisorn) က အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။။