မတ် ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုက ကျူးလွန်သည့် စစ်ရာဇဝတ်မှုနှင့် မတရားသတ်ဖြတ်မှုများကြောင့် ဖေဖော်ဝါရီ တစ်လ အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦးအပါအဝင် အမျိုးသမီး (၆၄) ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့ မတ်လ (၁၀) ရက်နေ့တွင် ထုတ်ပြန်သည်။
ကရင်အပါအဝင် ရခိုင်၊ မွန်၊ ကရင်နီ၊ ရှမ်း စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀) ခုရှိ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ကျည်ထိမှန်မှုနှင့် မတရားသတ်ဖြတ်ခံရမှုတို့ကြောင့် တစ်လ အတွင်း သေဆုံးသူ အမျိုးသမီး (၆၄) ဦးရှိခဲ့ပြီး ထိုအထဲတွင် အသက်မပြည့်သေးသည့် အမျိုးသမီး (၁၈) ဦးလည်း ပါဝင်ကြောင်း သိရသည်။
BWU ၏ မှတ်တမ်းအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အမျိုးသမီးအရေအတွက်မှာ အမြင့်ဆုံးဖြစ်သည်။ ၎င်းတို့အနက် ဖေဖော်ဝါရီ (၂၄) ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာတွင် စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီး (၁၃) ဦး အစုလိုက်အပြုံလိုက် သေဆုံးမှုအပါအဝင် ရခိုင်ပြည်နယ်သည် သေဆုံးမှုအများဆုံးလည်း ဖြစ်သည်။

စစ်အုပ်စုသည် အာဏာသိမ်းကာလအတွင်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးနှင့် လွှတ်တော် ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း တစ်ဖက်တွင်မူ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေခြင်းဖြစ်သည်ဟု BWU က ဆိုသည်။
ထို့အတူ လေကြောင်း၊ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနှင့် ပဋိပက္ခနှင့်ဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရခြင်းတို့ကြောင့် နောက်ထပ်အမျိုးသမီး (၆၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် တစ်ပါတည်း ဖော်ပြထားသည်။
(၅) နှစ်အတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၁,၀၀၀) နီးပါး ရှိခဲ့ပြီး အထူး သဖြင့် စစ်အုပ်စုသည် တိုင်းရင်းသူအမျိုးသမီးများနှင့် အသက်မပြည့်သေးသူများကို စစ်လက်နက်သဖွယ် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်းလည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ၏ ၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။



















