Home သတင်း တဆင့်ခံဈေးမြှင့် ဆီပြန်လည်ရောင်းချသဖြင့် မဲဆောက်စက်သုံးဆီဆိုင်အချို့ မြန်မာမော်တော်ယာဉ်များ ဆီဝယ်ယူမှု ပိတ်ပင်

တဆင့်ခံဈေးမြှင့် ဆီပြန်လည်ရောင်းချသဖြင့် မဲဆောက်စက်သုံးဆီဆိုင်အချို့ မြန်မာမော်တော်ယာဉ်များ ဆီဝယ်ယူမှု ပိတ်ပင်

394
Photo: Social Media

မတ် ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်အချို့သည် မြန်မာဘက်မှ မော်တော်ယာဉ်များကို စက်သုံးဆီရောင်းချပေးခြင်းအား ကန့်သတ်ပိတ်ပင်လိုက်သည်ဟု သိရသည်။

မြန်မာဘက်မှ သွားရောက်ဝယ်ယူသည့် မော်တော်ယာဉ်အချို့မှာ ဝယ်ယူပြီးသော ဆီများကို တစ်ဆင့်ခံ ဈေးမြှင့် တင်ကာ ပြန်လည်ရောင်းချမှုများ ရှိနေသောကြောင့် ယခုလို ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု မြဝတီယာဉ် မောင်းများက ပြောသည်။

ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့မှစ၍ ထိုင်း-မြန်မာနယ်စပ် မြဝတီမှတစ်ဆင့် မဲဆောက်မြို့တွင်းသို့ ဆီလာရောက် ဝယ်ယူကြသည့် မော်တော်ယာဉ်အစီးရေ (၅၀၀) နှင့်အထက်တွင် ရှိနေပြီး တစ်ဆင့်ခံဈေးမြှင့် ဆီပြန်လည်ရောင်း ချသည့် ဈေးကွက်ဖြစ်နေသည်။ ထို့ကြောင့် မြို့တွင်းစက်သုံးဆီဆိုင်အချို့တွင် မြန်မာယာဉ်များကို ဆီမရောင်းဟု စာကပ်ကြေညာသည်အထိ ရှိလာကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

“မဲဆောက်မြို့ထဲကဆိုင်တွေ၊ (ဘန်ချက်) ကုမ္ပဏီဆီဆိုင်တွေ၊ ဆိုင်ခွဲအသေးတွေမှာ မြန်မာကားဆို ဆီမရောင်း ဘူးဆိုတဲ့ စာကပ်ထားတယ်။ လာဝယ်တဲ့ မြန်မာကားတွေက ဆီဖောက်ချပြီး တစ်ဆင့်ပြန် ရောင်းတာမျိုး လုပ်နေလို့ ပေးမရောင်းတော့တာ” ဟု မြဝတီမြို့နေ ယာဉ်မောင်းတစ်ဦးက ပြောသည်။

မြို့တွင်းဆီဆိုင်အချို့က ဆီလုံးဝရောင်းမပေးတော့သော်လည်း မြို့ပြင်နေရာအချို့တွင် အကန့်အသတ်ဖြင့် ဆီဝယ် ယူ၍ ရနေသေးသည်။ ယင်းကြောင့် လတ်တလောအထိ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် (၁) ကို ဖြတ်သန်း ၍ မဲဆောက်ဘက်သို့ ဆီကိုယ်ပိုင်သုံးရန် လာရောက်ဝယ်ယူသည့် မော်တော်ယာဉ်များ ရှိနေဆဲဖြစ်ကြောင်း နယ်စပ်သတင်းများအရ သိရသည်။

မဲဆောက်တွင် ကျောင်းဖယ်ရီမောင်းသည့် မြန်မာအမျိုးသားတစ်ဦးက “အိမ်စီးကား အမှန်အကန် အိမ်သုံး၊ ကျောင်းသုံး ကြို/ပို့ကားတွေကတော့ မဲဆောက်ဘက် ဆီဆိုင်တွေမှာ ဝယ်နေကြတုန်းပဲ။ ဆီဝယ်ရောင်းလုပ်တဲ့ ကားတွေကတော့ အခြေအနေကြည့်ပြီး ဝယ်တယ်။ ပြီးရင် အောက်ဂိတ်ကနေ မြဝတီကို ပြန်ကူးတယ်၊ ဆီဈေးတက်တဲ့အချိန်မှာ ပြန်ရောင်းကြတယ်” ဟု ပြောသည်။

ထိုင်းဆီဝယ်ယူပြီး မြန်မာဘက်သို့ တစ်ဆင့်ပြန်လည်ရောင်းချသည့် ဈေးကွက်တွင် ဓာတ်ဆီတစ်လီတာလျှင် ထိုင်းဘတ် (၃၀) ဝန်းကျင်မှ (၄၀) ဝန်းကျင်ကြားရှိသည်။ စက်သုံးဆီများကို မြန်မာဘက်သို့ တံတားအောက်မှတစ်ဆင့် ကမ်းကူးရာတွင်လည်း တံတားဖြတ်သန်းခအပါအဝင် တစ်လီတာလျှင် ဘတ် (၆၀) ဝန်းကျင်ရှိကြောင်း ဆီမှောင်ခိုဈေးကွက် စုံစမ်းချက်အရ သိရသည်။

မြဝတီမြို့တွင်မူ စစ်အုပ်စု၏ စက်သုံးဆီချွေတာရေး ညွှန်ကြားချက်အရ မတ်လ (၇) ရက်နေ့ကတည်းက စုံရက်၊ မရက်စနစ်ဖြင့် ဆီရောင်းချမှုကို ကန့်သတ်ထားပြီး ဆိုင်ကယ်တစ်စီးလျှင် ကျပ်တစ်သောင်းဖိုး၊ ကားတစ်စီးလျှင် ကျပ်သုံးသောင်းဖိုးသာ ကန့်သတ်ရောင်းချပေးလျက်ရှိသည်။ ယင်းကြောင့် ပြင်ပဆီပေါက်ဈေးမှာ တစ်လီတာလျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေသည်ဟု မြို့ခံယာဉ်မောင်း အသိုင်းအဝိုင်းက ဆိုသည်။