မတ် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ခွဲထွက် DKBA ဗိုလ်ဘိအဖွဲ့ထံဝင်ရန် ဦးဆောင်သူမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူများကို အကူအညီပေးသဖြင့် အဖွဲ့ထဲမှ ထုတ်ပယ်ခံရသူဖြစ်သည်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဖားအံမြို့နယ်၊ ခလောက်နို့ကျေးနယ်ရှိ PC တပ်ဖွဲ့ဝင် (၃၉) ဦးသည် အဖွဲ့မှ နှုတ်ထွက်၍ DKBA ဗိုလ်ဘိအဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များက ဖော်ပြပြောဆိုမှု ရှိခဲ့သည်။ အဆိုပါ သတင်းအပေါ် PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က အတည်ပြုပေးခဲ့ပြီး ခေါင်းဆောင်ဖြစ်သူမှာ နောင်လုံရွာနေ PC ၏ ယခင် အမှတ် ၆ ဗျူဟာရုံးထိုင်မှူးဟောင်း အသက် (၃၀) ဝန်းကျင်အရွယ် စောမြင့်ရွှေ ဖြစ်ကြောင်း သိရသည်။
၎င်းသည် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက ကျားဖြန့်လုပ်ကိုင်သူ နိုင်ငံခြားသားများကို သယ်ယူပို့ ဆောင်မှုဖြင့် အဖွဲ့ထဲမှ ထုတ်ပယ်၊ ထောင်ဒဏ်ချမှတ်ခံကာ ဖေဖော်ဝါရီ (၁၁) ရက်နေ့က လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် ဗိုလ်ဘိအဖွဲ့နှင့် ပူးပေါင်းသွားခဲ့ခြင်းဖြစ်သည်ဟု PC ပြောခွင့်ရသူက ဆိုသည်။
“သူက တရုတ်တွေကို သယ်ယူပို့ဆောင်မှုနဲ့ အရေးယူခံရတာ။ သူ့ကို ထုတ်ပယ် ပြစ်ဒဏ် လျှော့ပေါ့ပြီးတော့ သူ့မိသားစုတွေနဲ့ ပြန်နေပြီး မကြာခင် ဒီကိစ္စဖြစ်လာတယ်။ သူ့တပည့်အချို့က သူနဲ့ပြန်လက်တွဲတာလည်း ရှိကောင်းရှိနိုင်မယ်။ အရေးယူခံရတာနဲ့ ပတ်သက်ပြီး သူမကျေမနပ်တာတွေဖြစ်ပြီးတော့ ကျနော်တို့ အဖွဲ့အစည်းကနေ လွတ်လမ်းရှာတာလည်း ဖြစ်နိုင်တယ်။” ဟု စောကျော်ညွန့်က ပြောသည်။
ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမလုပ်ရန် အဖွဲ့က ညွှန်ကြားထားသော်လည်း လိုက်နာမှုမရှိသဖြင့် စောမြင့်ရွှေကို အဖွဲ့မှ ထုတ်ပယ်၍ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ အရပ်သားအဖြစ် လျှော့ချပြီးနောက် မိသားစုအခက်အခဲကို ထောက်ရှု၍ လွတ်ငြိမ်းခွင့်ပေးခဲ့ သော်လည်း တစ်လတစ်ကြိမ် ဗဟိုသို့ ပြန်လည်သတင်းပို့ရန် အမိန့်ချထားကြောင်း PC က ဆိုသည်။
စောကျော်ညွန့်က “သူ့မိသားစုအခက်အခဲကို ထောက်ပြီး မိသားစုအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာဖြစ်အောင် တစ်လတစ်ကြိမ်လာတင်ပြပြီးတော့ ကောင်းကောင်းမွန်မွန် သူ့ရပ်ရွာမှာပဲ ပြန်လည်နေထိုင်ခွင့်ပေးထားတာ” ဟု ဖြည့်စွက်ပြောသည်။
ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးအခြေစိုက် KNU/KNLA-PC အဖွဲ့သည် ကေအဲန်ယူမှ ခွဲထွက်ကာ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သီးခြားဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သည်။ ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ်-NCA ကို စစ်အုပ်စုနှင့် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ငြိမ်းချမ်းရေးစကားပြောရန် ကြိုးပမ်းနေသည့် အဖွဲ့ဖြစ်သည်။
ဗိုလ်ဘိ ဦးဆောင်သည့် DKBA ဗိုလ်ဘိအဖွဲ့သည်လည်း ကြာအင်းပေါ်တော်မူ ဆရာတော်၏ ဆုံးမဝါဒ ကို ခံယူကာ ပြန်လည်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ စစ်တပ် အာဏာမသိမ်းခင်ကာလက စစ်အုပ်စုကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဒေသတွင်းစစ်ရေးလှုပ်ရှားနေသည်။



















