Home သတင်း KNU နယ်မြေရှိ ကျောင်းများအတွက် ‘တို့သစ်ပင်များ ဖောင်ဒေးရှင်း’မှ ပညာရေးအကူအညီများ ပေးအပ်ရန်စီစဉ်

KNU နယ်မြေရှိ ကျောင်းများအတွက် ‘တို့သစ်ပင်များ ဖောင်ဒေးရှင်း’မှ ပညာရေးအကူအညီများ ပေးအပ်ရန်စီစဉ်

275

မတ် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတွင် ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD ထောက်ခံချက်ဖြင့် ‘တို့သစ်ပင်များ ပညာရေးဖောင်ဒေးရှင်း’မှ ပညာသင်ဆုနှင့် ပညာရေးပံ့ပိုးမှုအစီအစဉ်များ အထောက်အပံ့ပေးသွားရန် စီစဉ်နေကြောင်း ယနေ့ (မတ်လ ၇ ရက်) တွင် ပြုလုပ်သည့် ဖောင်ဒေးရှင်းမိတ်ဆက်အစီအစဉ်မှ သိရသည်။

ပဋိပက္ခဒေသနှင့် လွတ်မြောက်နယ်မြေမှ စစ်ဘေးသင့်နှင့် တော်လှန်လူငယ်များအတွက် ပညာရေးအခွင့်အလမ်းရရှိရန် ရည်ရွယ်၍ နာမည်ကျော် သရုပ်ဆောင်မင်းသား “ဒေါင်း” ဦးဆောင်ပါဝင်သည့် တို့သစ်ပင်များ ပညာရေးဖောင်ဒေးရှင်းကို ပညာသင်ဆုများ၊ ပညာသင်ယူရန်နေရာများ အဓိကပံ့ပိုးပေးရန် ဖွဲ့စည်းတည်ထောင်သည်ဟု ဆိုသည်။

ဖောင်ဒေးရှင်းက ကေအဲန်ယူထိန်းချုပ်နယ်မြေမှ အဆင့်မြင့်ပညာသင်ယူရန် အခက်အခဲရှိသည့် လူငယ်များအတွက် KECD အဆင့်မြင့်ပညာရေးလုပ်ငန်းဌာနနှင့် ချိတ်ဆက်ထားပြီး KECD ထောက်ခံချက်ဖြင့် ပညာသင်အထောက်အပံ့ပေးမည်ဟု မိတ်ဆက်အစီအစဉ်တွင် ဖောင်ဒေးရှင်းတာဝန်ရှိသူက ပြောသည်။

“ကရင်မှာ ဂျူနီယာကောလိပ်နဲ့ အထက်ပညာရေးကို ဆိုလိုတာပါ။ ရပ်ရွာအခြေပြုဖြစ်တဲ့အတွက် ဒေသန္တရအဖွဲ့တွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာပညာရေးကဏ္ဍနဲ့ ဆွေးနွေးထားပါတယ်။ အဖွဲ့အစည်း ထောက်ခံချက်နဲ့ ပညာသင်ဆုအတွက် လက်ခံပေးသွားမယ်။ သက်ဆိုင်ရာပညာရေးအဖွဲ့တွေကနေပဲ ကျမတို့ ဆက်လက်ကြေညာပါမယ်” ဟု ဖောင်ဒေးရှင်းလုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ဖောင်ဒေးရှင်းမှ ပညာရေးအထောက်အပံ့ပေးမည့် ဦးတည်အုပ်စုတွင် စစ်ဘေးသင့်ဒေသ စစ်ရှောင်လူငယ်များ၊ ရပ်ရွာပံ့ပိုးရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် တော်လှန်လူငယ်များ၊ လွတ်မြောက်နယ်မြေရှိ ပညာရေးအခွင့်အလမ်းနည်းပါးသည့် တော်လှန်လူငယ်များ ပါဝင်ကြောင်း အစီအစဉ်အရ သိရသည်။

ရုပ်ရှင်မင်းသား ဒေါင်းက “ကျနော် Tour တွေသွားတဲ့ ကာလတစ်လျှောက်မှာ ဒီဖောင်ဒေးရှင်းကို မိတ်ဆက် ပေးဖြစ်ခဲ့တယ်။ အထူးသဖြင့် ကျနော့်ရဲ့ Fan meeting သဘောမျိုး ပွဲသေးသေးလုပ်တော့ လာတဲ့ပရိသတ်တွေကို ဒီအကြောင်းအရာရှင်းပြပေးဖြစ်တယ်။ အဲဒီမှာပြတဲ့ရုပ်ရှင်နဲ့ရတဲ့ အမြတ်ငွေတွေအကုန်လုံးနဲ့ တို့သစ်ပင်များဖောင်ဒေးရှင်းကို စခဲ့တယ်” ဟု ဆိုသည်။

ထို့အပြင် ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် လုပ်ငန်းအစီအစဉ်တွင် နှစ်ရှည်ပညာရေးရန်ပုံငွေ၊ ပညာရေးဆိုင်ရာ စည်းရုံးလှုပ်ရှားမှုများ၊ အခမဲ့ပညာဒါနသင်တန်းများ၊ ပညာသင်ဆုများ၊ တက္ကသိုလ်ပညာရေးပံ့ပိုးမှုအစီအစဉ်များ၊ ပဋိပက္ခဒေသ ပညာရေးရပ်ဝန်းဖန်တီးခြင်းနှင့် အထောက်အပံ့များ အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်းလည်း ဖောင်ဒေးရှင်းထံမှ သိရသည်။

‘တို့သစ်ပင်များ ဖောင်ဒေးရှင်း’မိတ်ဆက်အစီအစဉ်ကို ယနေ့ (၁၁) နာရီခွဲအချိန်က အွန်လိုင်းမှ ပြုလုပ်သွားခြင်းဖြစ်ပြီး အစီအစဉ်တွင် ဖောင်ဒေးရှင်းအကြောင်းအရာ၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းအစီအစဉ်နှင့် ဘဏ္ဍာရေးလုပ်ဆောင်ချက်များကိုလည်း ချပြရှင်းလင်းခဲ့သည်။