မတ် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယနေ့ (မတ်လ ၇ ရက်) နေ့မှစပြီး လိုင်စင်မဲ့ယာဉ်များ စက်သုံးဆီ ဝယ်ယူ၍မရတော့သလို ဆီပြတ်လပ်မှုကြောင့် မြဝတီမြို့တွင်လည်း ဓာတ်ဆီဈေးနှစ်ဆကျော် မြင့်တက်သွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။
ဖားအံမြို့ရှိ စက်သုံးဆီဆိုင်များတွင် ယာဉ်လိုင်စင်နှင့် ဝှီးတက်ပြနိုင်မှ ဆီဝယ်ယူခွင့်ရမည်ဖြစ်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်များ ဆီဝယ်ယူနေသည်ကို တွေ့ရှိပါက ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ပြည်နယ်စစ်အုပ်စုညွှန်ကြားချက်ဖြင့် ကြေညာစာများ ကပ်ထားသည်ဟု မြို့ခံများက ပြောသည်။
“လိုင်စင်မဲ့ကား၊ ဆိုင်ကယ် ဆီမရောင်းဘူး။ လာဝယ်တာတွေ့ရင် ဖမ်းမယ်ဆိုတာ စာကပ်ထားတော့ အခုလတ်တလော သွားမရ လာမရ ဆီဝယ်မရ ဖြစ်ကုန်တယ်။ နောက်ဆို ဆီဝယ်ရဖို့အရေး ဝှီးတက် အတု၊ လိုင်စင်အတုတွေ တစ်ခေတ်လုပ်ကြတာမျိုး ဖြစ်လာဦးမယ်။ အခုလောလောဆယ်တော့ မှောင်ခိုဆီ ဝယ်သုံးပြီး သွားလာရတော့မယ်” ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် စက်သုံးဆီချွေတာရေးဟုဆိုကာ မတ်လ (၇) ရက်နေ့မှစ၍ စစ်အုပ်စုက မရက်၊ စုံရက် မော်တော်ယာဉ်များ သွားလာခွင့်ကို ကန့်သတ်ချက်ထုတ်ထားသည်။ ဖားအံမြို့တွင်မူ လိုင်စင်ရှိ မော်တော်ယာဉ်များကိုသာ ရက်အလိုက် ယာဉ်မောင်းခွင့်၊ စက်သုံးဆီဝယ်ယူခွင့်ပြုထားပြီး လိုင်စင်မဲ့မော်တော်ယာဉ်များကို မည်သည့်ခွင့်ပြုချက်မျှ မပေးကြောင်း ဖားအံမြို့တွင်း သတင်းအရင်းအမြစ်မှ သိရသည်။
ဖားအံမြို့သူတစ်ဦးက “ဒီနေ့စုံရက်၊ မရက်စခွဲပြီ။ ဆီလည်း လိုင်စင်ပြနိုင်မှရောင်းတော့မယ်ဆိုတော့ တော်တော်ခက်ခဲကုန်ပြီ။ ဆီမှောင်ခိုဈေးနဲ့ပဲ ဝယ်သုံးရတော့မယ်။ ကိစ္စကတော်တော်ထိခိုက်နိုင်တယ်။ ကား၊ ဆိုင်ကယ်ထက် လုပ်ငန်းသုံးဆီ၊ မီးစက်ဆီ၊ စက်လှေအတွက်တွေ အကုန်ခက်မယ့်သဘော ဖြစ်သွားပြီ” ဟု ကေအိုင်စီကို ပြောသည်။
ထို့အတူ မြဝတီမြို့တွင်လည်း စက်သုံးဆီပြတ်လပ်မှုကြောင့် ယခင်က စက်သုံးဆီတစ်လီတာလျှင် ကျပ်ငွေ ၆ ထောင်ရောင်းရာမှ မတ်လ (၆) ရက်နေ့မှစ၍ ဓာတ်ဆီတစ်လီတာ ငွေကျပ် ၁ သောင်း ၅ ထောင်အထိ ဈေးနှစ်ဆကျော်တက်သွားကြောင်း မြဝတီမြို့တွင်း မော်တော်ယာဉ်မောင်းများက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဆီအလုအယက်ဝယ်ယူမှုကြောင့် ပြတ်လပ်မှုအထိဖြစ်လာပြီး မြန်မာဓာတ်ဆီ လီတာ ၂၀ ဆန့် တစ်ပုံးလျှင် မြန်မာကျပ်ငွေ (၃) သိန်းဝန်းကျင် ပေါက်ဈေးရှိနေသည်။ ထိုင်းဆီ တစ်ပုံးလျှင် ဘတ် (၃,၀၀၀) ဝန်းကျင်ဖြင့် ရောင်းချသည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

“လီတာနှစ်ဆယ်တစ်ပုံးကို ကျပ် ၃ သိန်း ခေါ်တယ်။ ဈေးဆစ်တတ်ရင်တော့ ၃ သိန်းနီးပါးလောက်နဲ့ ရတယ်။ ဒါကမြန်မာဆီဈေး။ မဲဆောက်ဘက်က သွင်းလာတဲ့ဆီက တစ်ပုံးကို ဘတ် ၃ ထောင် ရှိတယ်။ ၅ လီတာကို ၇ သောင်း၊ ၈ သောင်း ရောင်းနေတော့ ဓာတ်ဆီတစ်လီတာဆိုရင် တစ်သောင်းခွဲ ပတ်လည်လောက် ဖြစ်လာပြီ” ဟု ထိုမြဝတီမြို့ခံက ပြောသည်။
မြဝတီမြို့တွင် မတ်လ (၄) ရက်နေ့မှစ၍ စက်သုံးဆီအရောင်းဆိုင်တချို့ လက်လီ အရောင်းရပ်နားထားသော်လည်း လက္ကားရောင်းပေးနေသည်။ ၎င်းကို တရုတ်လောင်းကစားရုံများရှိ မီးစက်ကြီးများအသုံးပြုရန် ညအချိန်၌ ဆီပေပါများဖြင့် ပွဲစားများထံ ရောင်းပေးနေခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသည့် မြို့ခံကပြောသည်။
၎င်းက “မြို့ကဆီဆိုင်တွေက တရုတ်ဆိုက်တွေနဲ့ မကင်းဘူးလေ။ မီးစက်ဆီက အရောင်းရဆုံးဆိုတော့ ကား၊ ဆိုင်ကယ်မရောင်းတော့ဘူး။ ပေပါတွေနဲ့ တရုတ်ဆိုက်တွေကို ညဘက်သယ်တာမျိုးနဲ့ ရောင်း တယ်။ နေ့ဘက် ဆီဘောက်ဆာကားအဝင်ရှိပေမယ့် တစ်ချို့လက်နက်ကိုင်အဖွဲ့အစည်းက လူကြီးတွေ ဖွင့်ထားတဲ့ဆီဆိုင်က ပိတ်တယ်” ဟု ပြောသည်။
ပြည်တွင်းတွင်သာမက နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ရှိ ဆီဆိုင်များတွင်ပါ ဆီအလုအယက်ဝယ်ယူနေခြင်းကြောင့် ထိုင်းဆီဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ရောင်းပေးတော့သည်အထိ ဖြစ်လာသည်။
စစ်အုပ်စုကမူ စက်သုံးဆီကို တရားမဝင်သိုလှောင်၍ ဈေးနှုန်းမြှင့်ရောင်းချခြင်းမလုပ်ရန် မြို့အတွင်း ကြေညာချက်ထုတ်ပြန်ထားသော်လည်း လက်တွေ့လုပ်ဆောင်နေကြသည့်အပေါ် စစ်ဆေးအရေးယူမှုမရှိသေးပေ။
ထို့အတူ မြဝတီတွင် ဖားအံကဲ့သို့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးခြင်းမရှိသလို ဆီမဝယ်ရကန့်သတ်ခြင်း လည်းမရှိဘဲ တစ်ရက်ခြားတစ်ခါ ယာဉ်မောင်းနှင်ခွင့်ကိုသာ မတ်လ (၇) ရက်နေ့မှစပြီး လုပ်ဆောင်ရန် ကြေညာချက်ထွက်ထားကြောင်း သိရသည်။



















