Home သတင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးနှစ်ကျော်အတွင်း အရပ်သား(၄,၀၀၀)ကျော် သေဆုံး

လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးနှစ်ကျော်အတွင်း အရပ်သား(၄,၀၀၀)ကျော် သေဆုံး

567
Photo: Getty Image

မတ် (၂၇)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းထားသည့်ကာလ ငါးနှစ်ကျော်အတွင်း စစ်အုပ်စု၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးအပါအဝင် အရပ်သားပြည်သူ(၄,၂၉၉)ဦး သေဆုံးခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု-BMC က ယနေ့ မတ်လ(၂၇)ရက်တွင် ထုတ်ပြန်သည်။

စစ်အုပ်စုက ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လ(၁၉)ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ(၆,၉၈၆)ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူနယ်မြေ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ရေတွင်းကုန်းကျေးရွာဖြစ်စဥ်အပါအဝင် လူအစုလိုက်အပြုံလိုက်သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုကို မတ်လတစ်လတည်း (၄)ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

လတ်တလောတွင်လည်း အမေရိကန်နှင့်အစ္စရေးပြဿနာ နောက်ဆက်တွဲကြောင့် ကမ္ဘာ့နိုင်ငံများတွင် ရေနံအခက်အခဲဖြစ်ပေါ်နေပြီး လေယာဥ်ဆီအပါအဝင် စက်သုံးဆီအကြပ်အတည်းဖြင့်ရင်ဆိုင်နေရသည်။ သို့သော် မြန်မာစစ်အုပ်စုကမူ အရပ်ဖက်သုံးနေသည့်လေယာဥ်ဆီများကို အဓမ္မသိမ်းယူပြီး လေကြောင်းတိုက်ခိုက်မှုများဆက်လက် ကျူးလွန်နေခြင်းဖြစ်သည်ဟု BMC က ဆိုသည်။

“စစ်အုပ်စုဟာ နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကို ရှောင်ပြီး လေယာဉ်ဆီကိုဝယ်နေရတဲ့အခါမှာ အရပ်ဘက်သုံးလေကြောင်းလိုင်းက လေယာဉ်ဆီတွေကိုယူသုံးနေကျပါပဲ။ ဒါကြောင့် လေယာဉ်ဆီ ပြသာနာဖြစ်ပေမယ့် လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုတွေက လျော့မယ့် အနေအထားမှာမရှိပါဘူး။” ဟု BMC တာဝန်ရှိသူတစ်ဦးက ကေအိုင်စီကိုပြောသည်။

Photo: Getty Image

အရပ်သားများကိုပြစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ရွေးကောက်ပွဲအပြီး စစ်ယူနီဖောင်းသာချွတ်ထားသည့် အတုအယောင်လွှတ်တော်ခေါ်ယူနေသည့်အချိန်အထိ စစ်အုပ်စုက တိုးမြှင့်ကျူးလွန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာအစိုးရများ၊ နိုင်ငံများအကြား ထိရောက်သည့်အရေးယူပိတ်ဆို့မှုမရှိခြင်းကြောင့် လေကြောင်းအသုံးပြု စစ်ရာဇဝတ်မှုများဆက်လက်ကျူးလွန်နိုင်နေခြင်း ဖြစ်သည်ဟု BMC က ထောက်ပြသည်။

ထို့ကြောင့် စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ်အသိမှတ်မပြုရန်၊ စစ်ရာဇဝတ်မှုများအပေါ် အရေးယူရန်၊ လေယာဥ်ဆီနှင့်လမ်းကြောင်းများကို ပိတ်ဆို့ရန် အရေးပေါ်လုပ်ဆောင်မှုများလုပ်ရန်လည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ဝက်တာကာလအတွင်းပင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပေါင်း ၆၃၇ ကြိမ်အထိ လုပ်ဆောင်ခဲ့သည်။ ထို့အတူ ရွေးကောက်ပွဲနှင့်ဆက်စပ်၍ နိုင်ငံအတွင်း စစ်ရေးပဋိပက္ခအရှိန်အဟုန် ဆက်လက်ပြင်းထန်နိုင်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးကိုစောင့်ကြည့်မှတ်တမ်းတင်နေသော BNI-MPM က သုံးသပ်ပြောဆိုခဲ့ခြင်းရှိသည်။