Home သတင်း ရေးမြောက်ပိုင်းတွင် ထိုးစစ်ဆင်နေသည့် စစ်အုပ်စု၊ ဒရုန်းဗုံးအကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦး ဒဏ်ရာပြင်းထန်

ရေးမြောက်ပိုင်းတွင် ထိုးစစ်ဆင်နေသည့် စစ်အုပ်စု၊ ဒရုန်းဗုံးအကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦး ဒဏ်ရာပြင်းထန်

533
Photo: MSRF

မတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို မွန်-တနင်္သာရီ အခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယခုမတ်လအတွင်း ဒရုန်းဗုံးအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု၏ ဗိုလ်မှူးအဆင့် အရာရှိတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မတ်လ (၂၆) ရက်နေ့တွင် ထုတ်ပြန်သည်။

သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈)လမ်းပိုင်းကို စိုးမိုးနိုင်ရန် စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုစစ်ကြောင်းကို မတ်လ(၉)ရက်နေ့က ဒရုန်းဗုံးသီး(၆)လုံးဖြင့် တိုက်ခိုက်ခဲ့သည့်အတွင်း စစ်အုပ်စုအရာရှိ ပြင်းထန်ဒဏ်ရာရရှိသွားသည်။ ထို့အပြင် မတ်လ (၁၉) ရက်မှ (၂၁) ရက်နေ့အထိ ဗုံးသီးစုစုပေါင်း(၁၃)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“ဒီစစ်ကြောင်းက ဖေဖော်ဝါရီကတည်းက အင်အားအလုံးအရင်းနဲ့ ရေးမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတာ။ သူတို့က ရှေ့မတိုး နောက်ဆုတ်မရတဲ့ အခြေအနေပါ ။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သံဖြူဇရပ်-ရေး-ထားဝယ် အမှတ် ၈ လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်ဖို့ပါ” ဟု MSRF ပြောခွင့်ရ မိတလညဏ်က ပြောသည်။

မတ်လ (၉) ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေးမြို့နယ်၊ ဘုရားကုန်းကျေးရွာ၌ တပ်စွဲထားသော စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မတ်လ (၁၉) ရက်နေ့တွင် အောင်သပြေကျေးရွာသို့ အဆိုပါစစ်ကြောင်းရောက်ရှိလာပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

(၄)ရက်တာ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့ဟု MSRF က ဆိုသည်။

တိုက်ပွဲများကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လက်အောက်ရှိ MSRF နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF-၈၀၀၂)၊ ရေးပြောက်ကျားတပ်ရင်း (YGF-၈၀၀၁) တို့မှ ဒရုန်းတပ်ဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်းထားသည့် မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် ရေးပြောက်ကျားတပ် (YGF-၈၀၀၁) တို့ လည်း ပူးပေါင်းပါဝင်ခဲ့သည်။