Home သတင်း ကော့ကရိတ်မြောက်ပိုင်းတိုက်ပွဲတွင် ဂျက်လေယာဥ်ဖြင့်(၂)ကြိမ် စစ်အုပ်စု ဗုံးကြဲစစ်ကူပေး

ကော့ကရိတ်မြောက်ပိုင်းတိုက်ပွဲတွင် ဂျက်လေယာဥ်ဖြင့်(၂)ကြိမ် စစ်အုပ်စု ဗုံးကြဲစစ်ကူပေး

636
Photo: CJ

မတ် (၂၇)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြောက်ပိုင်းတွင် စစ်အုပ်စုနှင့်တော်လှန်ရေးပူးပေါင်းတပ်တို့ ယမန်နေ့ မတ်လ(၂၆)ရက်နေ့ မနက်ပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုက ဂျက်လေယာဥ်ဖြင့်(၂)ကြိမ် ဗုံးကြဲစစ်ကူပေးခဲ့ကြောင်း ပူးပေါင်းတပ်သတင်းအရင်းအမြစ်မှ သိရသည်။

ကော့ကရိတ်မြောက်ဘက် နောင်ကိုင်း၊ မိဖာလဲ၊ ကြက်မောက်ခြံမှ ထီဖိုးစံ ရွာသို့ တက်လာသော စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ ဖြစ်ပွားခဲ့သည့်ယမန်နေ့တိုက်ပွဲတွင် မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် ဂျက်လေယာဥ်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု KNLA ပူးပေါင်းတပ်ဘက်က ပြောသည်။

“မနက်(၁၀)နာရီကျော်လောက်မှာ အလယ်ဘိုတဲနဲ့အာရှလမ်းဘက်ကို ကြဲချသွားတာ။‌ နောက် (၃) နာရီကျော်လောက်မှာတစ်ခါ အောက်ဘိုတဲနဲ့ အာရှလမ်းတောင်ကြော ပေါ်ကိုကြဲတယ်။ ကိုယ့်ဘက်ကအထိအခိုက်မရှိပါဘူး” ဟု (၃၁)ဗျူဟာစစ်ကြောင်း မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုမလုပ်ခင် မြဝတီအာရှလမ်းသစ်လမ်းမတစ်လျှောက်နှင့် ဖလူး၊ မင်းလက်ပံဒေသအပါအဝင် ကော့ကရိတ် ဒေါနတောင်လမ်းဟောင်း၊ ထို့ကော်ကိုး၊ ကြက်ဥတောင်လမ်းဘက်အထိ လေယာဥ်ကင်းထောက်ပျံသန်းမှုများ ရှိခဲ့ကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

Photo: CJ

စစ်အုပ်စု၏ကင်းထောက်ပျံသန်းမှုမှာ ကော့ကရိတ်အပြင် မြဝတီ၊ လှိုင်းဘွဲနှင့် ဖာပွန်မြို့နယ်များဘက်တွင်ပါ ယခုမတ်လတစ်လုံးနီးပါး ဖြစ်ပေါ်နေသည်ဟု လေယာဥ်အသွားအလာကို စောင့်ကြည့်နေသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းတပ်ဖွဲ့ဝင်က “နေတိုင်း ကင်းထောက်တယ်။ ညဘက်ဆိုလည်းလာတယ်။ အများဆုံးကတော့ ကရင်ပြည်နယ်ထဲပေါ့၊ တောင်ငူလေတပ်လေယာဉ်လမ်းကြောင်းကနေ တက်လာတာများတယ်” ဟု ကေအိုင်စီကို ပြောသည်။

ကရင်ပြည်နယ်အတွင်း လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့်နယ်မြေများတွင် စစ်အုပ်စုက မြေပြင်စစ်ကြောင်းအပြင် လေကြောင်း၊ ဒရုန်းနှင့်လက်နက်ကြီးအသုံးပြု ထိုးစစ်ဆင်လျက်ရှိသော်လည်း KNLA ပူးပေါင်းတပ်က စစ်အုပ်စုအား ပျောက်ကြားနည်းဗျူဟာစနစ်ဖြင့်တိုက်ခိုက်နေခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ရေးအရအသာစီးရထားပြီး စစ်အုပ်စုဘက်ကလည်း ထိခိုက်သေဆုံးမှုများနေသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။