Home သတင်း ဘန်ကောက်မြို့ရှိ မင်းအောင်လှိုင်၏ ဘတ် ၉၈ သန်းတန် အိမ်ရာဝယ်ယူမှုကို စုံစမ်းစစ်ဆေးရန် JFM တောင်းဆို

ဘန်ကောက်မြို့ရှိ မင်းအောင်လှိုင်၏ ဘတ် ၉၈ သန်းတန် အိမ်ရာဝယ်ယူမှုကို စုံစမ်းစစ်ဆေးရန် JFM တောင်းဆို

518
Photo: CJ

မတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဘတ်(၉၈)သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး)တန်ဖိုးရှိ ဇိမ်ခံအိမ်ရာဝယ်ယူမှုအပေါ် စုံစမ်းစစ်ဆေး၍ ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန် Justice for Myanmar-JFM က ထိုင်းအာဏာပိုင်များထံ ယနေ့ထုတ်ပြန်တောင်းဆိုသည်။

မင်းအောင်လှိုင်၏ချွေးမတော်စပ်သူ ဒေါ်မျိုးရတနာထိုက်အမည်ဖြင့်ညှိနှိုင်းကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ထိုင်းစတော့အိတ်ချ်ချိန်းစာရင်းဝင် Charn Issara Development Public ကုမ္ပဏီမှ Emerald Princess ကုမ္ပဏီထံ အိမ်ရာပိုင်ဆိုင်မှုများ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသား(၃)ဦးပိုင် Emerald Princess ကုမ္ပဏီကို စစ်ခေါင်းဆောင်မိသားစုက ရုပ်ပြတည်ထောင်ထားခြင်းဖြစ်ကြောင်း JFM က ထုတ်ဖော်သည်။

Charn Issara Development Public ကုမ္ပဏီမှ Emerald Princess ကုမ္ပဏီသို့ အိမ်ရာရောင်းချမှုကို ကြားခံအနေဖြင့် စစ်ခေါင်းဆောင်မိသားစုကိုယ်စား မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှု၊ ရာဇဝတ်မှုများ၏သံသဃရှိတရားခံ ခရိုနီ ထွန်းမင်းလတ်ဆိုသူက ဆောင်ရွက်ပေးခဲ့သည်ဟုလည်း သိရသည်။

ထုတ်ပြန်ချက်တွင် စစ်တပ်ပိုင်ကော်ပိုရေးရှင်းများကို ထိန်းချုပ်ခြင်း၊ နိုင်ငံပိုင်ပစ္စည်းများကိုမတရားသိမ်းပိုက်ရာရောက်သော အာဏာသိမ်းခြင်းဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ အိမ်ဝယ်ယူမှုတွင် အသုံးပြုသည့်ငွေများမှာ အကျင့်ပျက်ခြစားမှု အကျိုးအမြတ်များဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် မင်းအောင်လှိုင်မိသားစုအပါအဝင် အိမ်ရာရောင်းချပေးခဲ့သည့် ကုမ္ပဏီ၊ ဝယ်ယူသူအချက်အလက်များကိုဖုံးကွယ်ကာ နိုင်ငံခြားသားမြေပိုင်ခွင့်ကို တားမြစ်ထားသော ထိုင်းဥပဒေမှ ရှောင်ရှားရန်အကူအညီပေးခဲ့သည့် ကုမ္ပဏီနှင့် ပတ်သက်ဆက်နွယ်နေသူများကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရန် ထိုင်းအာဏာပိုင်များထံ JFM က တောင်းဆိုသည်။

Photo: CJ

“ဒီလို တန်ဖိုးကြီးအိမ်ခြံမြေဝယ်ယူမှုတွေက ထိုင်းဥပဒေကို ချိုးဖောက်တာ။ ထိုင်းအစိုးရအနေနဲ့ မင်းအောင်လှိုင်နဲ့ သူရဲ့မိသားစု၊ ပါဝင်ပတ်သက်သူတွေကို အရေးတကြီး အရှိန်မြှင့်တင် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုမှုတွေ လုပ်‌ဆောင်ဖို့နဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင် ဖက်ဒရယ်ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်ထွန်းလာပြီး ပြန်လည်လွှဲပြောင်းပေးနိုင်တဲ့အချိန်အထိ ဒီပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းထားရမယ်။” ဟု JFM ပြောခွင့်ရ မရတနာမောင်က ပြောသည်။

ထို့အပြင် စစ်အုပ်စု၏ မတရားရရှိထားသောငွေများ ထိုင်းနိုင်ငံအတွင်းစီးဆင်းစေရန်၊ စစ်အုပ်စုမိသားစုဝင်များ၊ ခရိုနီများက တရားမဝင်ငွေကြေးများအသုံးပြုပြီး တရားမဝင်အိမ်ခြံမြေဝယ်ယူမှုများကို ပိတ်ပင်ရန် ထိုင်းအစိုးရကပျက်ကွက်နေကြောင်းလည်း JFM က ထောက်ပြသည်။
နိုင်ငံတကာအနေဖြင့်လည်း မည်သည့်ဒဏ်ခတ်ပိတ်ဆို့မှုမှမခံရသေးသည့် ဒေါ်မျိုးရတနာထိုက်နှင့် မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှတို့ကိုပါ ပစ်မှတ်ထားပိတ်ဆို့ရမည်ဟု ဆိုသည်။

ထုတ်ပြန်ချက်အရ မင်းအောင်လှိုင်မိသားစု၏အိမ်ရာဝယ်ယူမှုသည် ထိုင်းနိုင်ငံ၏ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ မြေယာပိုင်ဆိုင်မှုဥပဒေနှင့် နိုင်ငံခြားစီးပွားရေးအက်ဥပဒေတို့ဖြင့် ငြိစွန်းနေပြီး ရာဇဝတ်ပြစ်မှုမြောက်ကြောင်း သိရသည်။

ဆက်လက်၍ စစ်အုပ်စုထံ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဥ်ဆီရရှိမှုများကို ပိတ်ပင်၍ အာဏာရှင်စနစ်ကိုဆန့်ကျင်နေသည့်မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန်လည်း နိုင်ငံတကာအစိုးရများထံ JFM က ထည့်သွင်းတိုက်တွန်းထားသည်။