Home သတင်း အာရှလမ်းမကြီး ပြန်ဖွင့်မည့်သတင်းထွက်နေချိန် ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေး မဲဆောက်တွင်ပြုလုပ်

အာရှလမ်းမကြီး ပြန်ဖွင့်မည့်သတင်းထွက်နေချိန် ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေး မဲဆောက်တွင်ပြုလုပ်

568
Photo crd: Social Media

မတ် (၂၅)ရက်၊၂၀၂၆ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲကြောင့်နှစ်ချီပိတ်ထားရသည့် ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး ပြန်လည်ဖွင့်တော့မည့် သတင်းများထွက်ပေါ်နေချိန်တွင် မြဝတီအခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ(၂၇၅)တပ်ရင်းမှူးပါဝင်သော ထိုင်း-မြန်မာ နယ်ခြား‌ကော်မတီ(TBC) အစည်းအဝေးကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ မတ်လ(၂၅)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းဘက်မှ ရာချာမနူအထူးတပ်ဖွဲ့(Ratchamanu Tak Force) တပ်မမှူး ဗိုလ်မှူးကြီး ချန်နာကန်ဆောင်ဆွန် ဦးဆောင်သောအဖွဲ့နှင့် မြန်မာဘက်မှ နယ်စပ်ကော်မတီဥက္ကဌ၊ ခလရ-၂၇၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးဇော်ဟန်ဦး ဦးဆောင်အဖွဲ့တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း နယ်စပ်သတင်းများက ဖော်ပြသည်။

အစည်းအဝေးတွင် မဲဆောက်-မြဝတီ အပါအဝင် နယ်စပ်တည်ငြိမ်ရေးနှင့် ပြဿနာများဖြေရှင်းရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခြင်းလည်းရှိသည်ဟု ထိုင်းအခြေစိုက် AEC News က ဆိုသည်။

ထိုင်းဘက်ကလည်း ၎င်းတို့နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုများကို ထိန်းချုပ်နိုင်ရေး ပူးပေါင်းလုပ်ဆောင်ရန်၊ မြန်မာဘက်တွင် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲကြောင့် လက်နက်ကြီးနှင့်ကျည်များ နယ်စပ်ဖြတ်ကျော်ကျရောက်လာနိုင်ခြင်းကို ဂရုစိုက်ရန် ဆွေးနွေးပြောဆိုခြင်းတို့ ရှိခဲ့သည်။

ထို့အပြင် မြန်မာဘက်မှ ထွက်ပြေးလာသည့်ဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးကိစ္စများကိုပါ ဆွေးနွေးခဲ့ကြကြောင်း ထိုင်းမီဒီယာများမှသိရသည်။

Photo crd: Social Media

တဖက်တွင်လည်း မတ်လအကုန်ပိုင်းတွင် အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်တော့မည်ဟု စစ်အုပ်စုလော်ဘီများထံမှ သတင်းများထွက်ပေါ်နေပြန်သည်။ မြဝတီမြို့ပေါ်လှုပ်ရှားနေသော ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ထံမေးမြန်းချက်အရမူ အာရှလမ်းသတင်း မရေရာသော်လည်း ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂) ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကုန်သွယ်ရေးအတွက် သွင်းကုန်ထုတ်ကုန်လိုင်စင် လုပ်ဆောင်ခိုင်းခြင်းရှိသည်ဟု ဆိုသည်။

“အာရှလမ်းဖွင့်မယ်တော့မကြားရသေးဘူး။ ဒါပေမယ့် တံတား(၂) ပြန်ဖွင့်မယ်ဆိုတာ ကြားရတယ် မနေ့ကပဲ။ တံတားဖွင့်ဖို့အတွက်ကိုလည်း သူတို့လမ်းတွေရှင်းထားတာတွေ့ရတယ်” ဟု KNU/KNLA-PC တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အုပ်စုသည် ထိုင်းနိုင်ငံမှ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် ချိတ်ဆက်ထားသော အာရှလမ်းမပြန်ဖွင့်ရန်နှင့် နယ်မြေစိုးမိုးရေးအတွက် အင်အားအမြောက်အများသုံးကာ ယနေ့အထိ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

ထိုအခြေအနေတွင် မြဝတီမြို့ပြင်ရှိ အာရှလမ်မကြီးဘက်ကို ဦးတည်သောလမ်းမကြီးပေါ်၌ ကားကြီးများ ယခုရက်ပိုင်း တန်းစီနေခြင်းတို့တွေ့ရကြောင်း ဒေသခံများကဆိုသည်။

နယ်ခြားကော်မတီ-TBC၏အခန်းကဏ္ဍတွင် မြို့နယ်အဆင့် ဒေသန္တရအဆင့် နယ်စပ်ရေးရာ ပြဿနာများဖြေရှင်းခြင်း၊ လုံခြုံရေးညှိနှိုင်းဆောင်ရွက်ခြင်းနှင့် နှစ်နိုင်ငံကြား ရေရှည်တည်တံ့ပြီးကောင်းမွန်သည့်ဆက်ဆံရေးများကို ထိမ်းသိမ်းထားရန်အတွက်ဖြစ်သည်။