Home သတင်း တော်လှန်ရေးအရှိန်မြှင့်ရန်နှင့် ဖက်ဒရယ်တည်ဆောက်ရန် တပ်ပေါင်းစုဦးဆောင်ကောင်စီသစ်တစ်ရပ် ERO နှင့် NUG တို့ ဖွဲ့စည်း

တော်လှန်ရေးအရှိန်မြှင့်ရန်နှင့် ဖက်ဒရယ်တည်ဆောက်ရန် တပ်ပေါင်းစုဦးဆောင်ကောင်စီသစ်တစ်ရပ် ERO နှင့် NUG တို့ ဖွဲ့စည်း

420
Photo: KNU 's FB Page

မတ်လ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တော်လှန်ရေးစစ်ရေးအရှိန်အဟုန်မြှင့်တင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန် ရည်ရွယ်၍ တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်း (ERO) ၄ ဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ ပူးပေါင်းကာ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကို တရားဝင်ဖွဲ့စည်းလိုက်ကြောင်း မတ်လ (၃၀)ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ဖွဲ့စည်းလိုက်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)တို့ ပါဝင်သည်။

ထိုဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကို ပဏ္ဍိုင်(၃)ရပ်ဖြစ်သည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူလူထုကိုယ်စားပြုမဏ္ဍိုင်နှင့် အမျိုးသမီးထုကိုယ်စားပြုမဏ္ဍိုင်တို့ဖြင့် တည်ဆောက်ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ဦးဆောင်ကောင်စီ၏ မျှော်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင် စနစ်အပါအဝင် မည်သည့် အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားပစ်ရန် နိုင်ငံရေးဦးတည်ချက် (၆)ရပ်ကို ချမှတ်ထားကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုနိုင်ငံရေးရပ်တည်ချက်(၆)ချက်မှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင်အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်ဖြစ်သည်။

Photo: KNU ‘s FB Page

ထို့အပြင် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှ တမှုရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်တို့ ပါဝင်သည်။

ဦးဆောင်ကောင်စီအနေဖြင့် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်လည်း အချုပ်အခြာအာဏာကို ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များရှိသည့် ပြည်သူလူထုထံ၌သာ ရရှိမည်ဖြစ်ပြီး ဖက်ဒရယ်နှင့် ပြည်နယ် ဖက်ဒရယ်ယူနစ်များကြား မျှဝေသုံးစွဲသည့် အချုပ်အခြာအာဏာမူကို ကိုင်စွဲသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

ဆက်လက်၍ ကောင်စီဝင်အဖွဲ့များအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှန်ပြုမှုတို့ကို အခြေခံ၍ ” မူဝါဒတစ်ရပ်တည်း၊ မဟာဗျူဟာတစ်ရပ်တည်း-One policy, One strategy “မူဝါဒကို ချမှတ်ကျင့်သုံး၍ စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

တပ်ပေါင်းစုကောင်စီ ဖွဲ့စည်းလိုက်ကြောင်းကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် (Live) ကြေညာခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (ERO) ခေါင်းဆောင် များဖြစ်ကြသည့် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်၊ KIO ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ဗဟိုကော်မတီဝင်များ၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်တို့ တက်ရောက်ခဲ့ကြသလို KSCC နှင့် IEC တို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။