Home တွေ့ဆုံမေးမြန်းခန်း မူတြော်၊ ကရင်ကျောင်းဆရာဖြစ်ကောလိပ်(KTTC) ကျောင်းအုပ် စောရှိုင်းနယ်နှင့်တွေ့ဆုံမေးမြန်းခြင်း

မူတြော်၊ ကရင်ကျောင်းဆရာဖြစ်ကောလိပ်(KTTC) ကျောင်းအုပ် စောရှိုင်းနယ်နှင့်တွေ့ဆုံမေးမြန်းခြင်း

476

“လက်ရှိအချိန်ထိဆိုရင် ကျောင်းဆရာ၊ ဆရာမ မွေးထုတ်တာ အယောက် ၈၀၀ ကျော် ရှိသွားပြီ။ ” မူတြော် (KTTC) ကျောင်းအုပ် စောရှိုင်းနယ်

မူတြော်၊ ကရင်ကျောင်းဆရာဖြစ်ကောလိပ်(KTTC) ကျောင်းအုပ် စောရှိုင်းနယ်နှင့်တွေ့ဆုံမေးမြန်းခြင်း

မတ်လ ၃၁ ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ကော်သူးလေဒေသမှာ အရည်အချင်းရှိသည့် ကျောင်းဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကရင်ကျောင်းဆရာဖြစ်ကောလိပ် (Karen Teacher Training College – KTTC) ကို ကရင်ကျောင်းဆရာများအသင်း (KTWG) နှင့် ကရင်ယဉ်ကျေးမှုနှင့် ပညာရေးဌာန (KECD) တို့က လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော်ကတည်းက စတင်တည်ထောင်ခဲ့သည်။

ယခင်က မူတြော်ခရိုင်တစ်ခုတည်းတွင်သာ ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ဒူးပလာယာခရိုင်နှင့် တောအူး (တောင်ငူ) ခရိုင်တို့တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ ပဋိပက္ခကြားမှ ကျောင်းဆရာကောလိပ်ကျောင်း ဆက်လက်ဖွင့်လှစ်နိုင်သည့် အခြေအနေနှင့် ပတ်သက်၍ မူတြော်ခရိုင်ရှိ ကရင်ကျောင်းဆရာဖြစ်ကောလိပ် (KTTC) ကျောင်းအုပ် စောရှိုင်းနယ်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ပထမဦးဆုံး KTTC ကျောင်း ဖွင့်လှစ်တည်ထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
မူတြော်မှာရှိတဲ့ KTTC ကျောင်းကို တည်ထောင်ဖြစ်တာက စာသင်ကြားပေးတဲ့ ကျောင်းဆရာ၊ ဆရာမတွေ အရည်အချင်းပြည့်ဝဖို့ လိုအပ်တယ်။ အဲဒါကြောင့် လိုအပ်တဲ့ အရည်အချင်းတွေရှိဖို့အတွက် ဒီကျောင်းကို ခေါင်းဆောင်တွေက တည်ထောင်ပေးထားတာဖြစ်တယ်။ ဒီကျောင်းရှိနေတာတော့ ကြာပြီ၊ အရင်ကတည်းက ရှိတယ်။ သို့သော် အခြေအနေအရပ်ရပ်ကြောင့် ရပ်လိုက်၊ ပြန်ဖွင့်လိုက် အဲဒီလိုတွေဖြစ်တယ်။ ကြားထဲမှာလည်း ဖွင့်သေးတယ်၊ ဒါပေမဲ့ ပြန်ရပ်လိုက်နဲ့ နောက်ဆုံး ၂၀၀၄ ခုနှစ်မှာ ပုံမှန်ပြန်ဖွင့်လာတာ အခုချိန်ထိပါပဲ။

မေး ။ ။ ဒီ KTTC ကျောင်းက ဘယ်နှစ်နှစ်တက်ရပြီးတော့ ကျောင်းမှာ အဓိက သင်ကြားပေးတဲ့ ဘာသာရပ်တွေက ဘာတွေဖြစ်မလဲ။
ဒီကျောင်းကို သတ်မှတ်ထားတာက (၂) နှစ်တက်ရတာဖြစ်တယ်။ အဓိကသင်ကြားတာတွေကတော့ KECD မှာရှိတဲ့ သင်ကြားရေးသင်ရိုးညွှန်းတမ်းတွေကို လေ့ကျင့်သင်ကြားပေးတယ်။ မေဂျာသီးသန့်နဲ့တော့ Focus မထားဘူး။ ဘာလို့လဲဆိုတော့ ဒါက ကျောင်းဆရာ၊ ဆရာမတွေကို အဓိက သင်ကြားပေးတဲ့ကျောင်း ဆိုတော့ အဓိက KECD သင်ရိုးညွှန်းတမ်းတွေကို သင်ကြားပေးတာဖြစ်တယ်။ နောက်ပြီး ဒုတိယနှစ်အတွက်က ဆရာ၊ ဆရာမ သင်ကြားမှုနည်းစနစ် (Teacher Methods) တွေကို အဓိကသင်ပေးတာဖြစ်တယ်။ ကျောင်းတွင်း လိုက်နာရမယ့်အရာ၊ ကျောင်းဆရာ၊ ဆရာမတစ်ယောက်မှာ ရှိရမယ့် ကျင့်ဝတ်တွေ အဲဒါတွေ သင်ပေးတာဖြစ်တယ်။

မေး ။ ။ KTTC ကျောင်းမှာ တက်နေတဲ့သူတွေကို အတန်းပညာသတ်မှတ်ချက် ဘယ်လိုရှိလဲ။
အရင်တုန်းကတော့ ရပ်ရွာမှာ သင်ကြားမှုသက်တမ်း နှစ်နှစ်၊ သုံးနှစ်ရှိရင် လာတက်လို့ရတယ်။ ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာတော့ Grade-12 ပြီးမှ လက်ခံတယ်။ KECD လက်မှတ် တိတိကျကျ ရှိရမယ်။ တကယ်လို့ Grade-12 တက်ပြီး မအောင်တဲ့သူတွေဆိုရင်လည်း သူတို့မှာ သင်ကြားတဲ့သက်တမ်း တစ်နှစ်၊ နှစ်နှစ်ရှိတယ်၊ သူတို့ရပ်ရွာအတွက် ဒီကျောင်းကို တက်ဖို့လိုအပ်တယ်၊ ဒါကို မြို့နယ်တာဝန်ရှိသူတွေဘက်က ထောက်ခံချက်တွေရှိရင်တော့ လာတက်လို့ရတယ်။

မေး ။ ။ မူတြော်ခရိုင်မှာရှိတဲ့ KTTC ကျောင်းကို ဘယ်ဒေသက ကျောင်းသားတွေ လာတက်ကြသလဲ။
ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက အဲဒီအချိန်မှာ တခြားခရိုင်တွေမှာ ဒီကျောင်းက မရှိသေးဘူး။ ဒီမှာတစ်လုံးတည်း ရှိတဲ့အချိန်တုန်းက ခရိုင် (၇) ခု ကိုယ်စားပြုတဲ့သူတွေ လာတက်တာဖြစ်တယ်။ နေရာတိုင်းမှာ ကျောင်းဆရာ၊ ဆရာမတွေ လိုအပ်တယ်။ လိုအပ်တဲ့အချိန် တစ်ယောက်ယောက်ရဖို့ ရှာရတာလည်း မလွယ်ဘူး။ စာပြန်သင်ဖို့ အတွက် ပြင်ဆင်တဲ့အနေနဲ့ လာတက်ခိုင်းတယ်။ အဓိကတော့ ကိုယ့်ရပ်ရွာက အခက်အခဲတွေကို ကူညီပေးတဲ့ သဘောပေါ့။ နို့ဖိုးဒုက္ခသည်စခန်းမှာ တစ်လုံးထပ်ဖွင့်တယ်၊ အဲဒီကျောင်းက TPC လို့ခေါ်တယ်။ အခုအဲဒီ ကျောင်းက တပ်မဟာ (၆) ဘက်မှာ ပြန်ဖွင့်တယ်၊ KTTC ကျောင်းနာမည်နဲ့ ဖွင့်တယ်။ ၂၀၂၃ ခုနှစ်မှာတော့ တပ်မဟာ (၂) တောင်ငူခရိုင်မှာ တစ်လုံးပြန်ဖွင့်တယ်။ အခုကျနော်တို့ဆီမှာတော့ ဖားအံခရိုင်၊ ဒူးသထူးခရိုင်၊ ခလယ်လွီထူနဲ့ မူတြော်ခရိုင်မှာရှိတဲ့သူတွေ လာတက်တာဖြစ်တယ်။ ဒီကျောင်း နှစ်နှစ်တက်ပြီးအောင်ရင် KTWG လက်မှတ်ရတယ်။ ပြီးရင် ကိုယ်စားပြုတဲ့ခရိုင်မှာ ပြန်ပြီးတော့ လိုအပ်တဲ့နေရာမှာ သွားပြီး စာသင်ပေးရမှာဖြစ်တယ်၊ အနည်းဆုံး သုံးနှစ်စာပြန်သင်ပေးရမှာဖြစ်တယ်။ ပြီးရင်တော့ KECD ဒီပလိုမာ ဒီမှာပြန်လာယူရမယ်ပေါ့။

မေး ။ ။ မူတြော်ခရိုင် KTTC ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသားဦးရေနဲ့ ကျောင်းဆရာ၊ ဆရာမဦးရေ ဘယ်လောက်အထိရှိလဲ။
အခုပြန်ကြည့်ရမယ်ဆိုတော့ ဒီမှာလာတက်တဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေတွေက အရင်ကထက် ပိုပြီးများလာတယ်။ ကျောင်းဆရာ၊ ဆရာမဦးရေကတော့ အယောက်တစ်ဆယ်ရှိတယ်။ ဆရာသုံးယောက်နဲ့ ဆရာမခုနှစ်ယောက် ရှိတယ်။ ကျောင်းသူ၊ ကျောင်းသားတွေက နှစ်နှစ်သမားတွေနဲ့ပေါင်းပြီး (၁၃၀) ယောက်ရှိ တယ်။ အရင်တုန်းက ကျောင်းသူ၊ ကျောင်းသားတွေက နှစ်နှစ်ပေါင်းမှ အယောက်သုံးဆယ်ကျော်ကျော်ပဲ ရှိတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ လာတက်တဲ့လူ ပိုများလာတယ်။ အဓိကတော့ စစ်အာဏာရှင်အစိုးရအောက်က ကျောင်းမှာ သွားတက်ဖို့ အခွင့်အလမ်းမရှိတော့တာတွေကြောင့် ဖြစ်တယ်။ စစချင်း အာဏာသိမ်းပြီးတစ်နှစ်မှာ သိသိသာသာ များလာတယ်။ အမှန်ဆိုရင် တစ်နှစ်ကို ကျောင်းသားဦးရေ အယောက် ၅၀ ပဲ ထားတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ရှစ်ဆယ်အထိ များလာတယ်။ အဲဒါကြောင့် စစ်အာဏာသိမ်း နောက်ဆက်တွဲကြောင့် ဒီဘက်မှာ ကျောင်းသားဦးရေ ပိုများလာတယ်လို့ သိရတယ်။

မေး ။ ။ လူမျိုးတစ်မျိုးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးဆိုတာက အရမ်းကို အရေးပါပါတယ်။ ဒါကြောင့် KTTC ကျောင်းက ကရင့်အနာဂတ်ပညာရေးကဏ္ဍအတွက် ဘယ်လောက်အရေးပါလဲ။
ကျောင်းဆရာ၊ ဆရာမအလုပ်ဆိုတာ လူတိုင်းစိတ်မဝင်စားဘူး။ သို့သော် ဒီကျောင်းကို လာတက်ပြီးတဲ့သူတွေက ကျောင်းဆရာ၊ ဆရာမ ပြန်မလုပ်လို့မရဘူး၊ ပြန်လုပ်ရတယ်။ ပြန်ကြည့်ရင် ဒီကျောင်းကို လာတက်ပြီး စာပြန်သင်ပေးတဲ့သူတွေက သူတို့ရပ်ရွာအတွက်၊ နောက်ပြီး ဌာနဆိုင်ရာတွေအတွက် အကျိုးရှိလာတယ်လို့ မြင်တယ်။ ၂၀၀၄ ခုနှစ်ကနေစပြီး အခု လက်ရှိအချိန်ထိဆိုရင် ကျောင်းဆရာ၊ ဆရာမ မွေးထုတ်တာ အယောက် ရှစ်ရာ (၈၀၀) ကျော် ရှိသွားပြီ။

မေး ။ ။ လတ်တလော ကျောင်းမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု အခြေအနေပတ်သက်ပြီးလည်း ပြောပြပေးပါအုံး။
၂၀၂၁ ခုနှစ်ကနေစပြီး အရင်ကလို အခြေအနေ သိပ်မကောင်းတော့ဘူး။ အမြဲတမ်းတော့ သတိနဲ့ စာသင်နေရတယ်။ ဒေသလုံခြုံရေး လမ်းညွှန်ချက်အတိုင်းပဲ သွားနေတယ်။ သင်လို့ရရင် သင်တယ်၊ သင်လို့မရရင် ခဏပိတ်ထားတယ်။ ရက်ပိုင်းပိတ်လိုက်တာလည်း ရှိတယ်။ တစ်ခါတလေ တစ်ပတ်၊ နှစ်ပတ် အဲဒီလို ပိတ်လိုက်တာရှိတယ်။ လနဲ့ချီပြီး ပိတ်လိုက်ရတာမျိုးတော့ မရှိပါဘူး။ အတားအဆီးကတော့ နားစွင့်ပြီး စာသင်ရ တာပေါ့၊ အခြေအနေမကောင်းရင်တော့ ခဏကျောင်းပိတ်လိုက်တယ်။ တစ်ခါတလေတော့လည်း သင်ကြားမှု စိတ်အားထက်သန်မှုအပေါ် ထိခိုက်မှုရှိသွားတာပေါ့။ ဒါကတော့ ကျနော်တို့ ကျောင်းသင်ကြားမှု အတားအဆီးတွေဖြစ်တယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောလိုပါသေးလဲ။
စာပြန်သင်ဖို့အတွက် ဒီမှာလာပြီး လေ့လာသင်ယူတယ်၊ ပြီးရင် ရပ်ရွာဒေသ လိုအပ်ချက်တွေကို ပြန်ပြီးတော့ ဖြည့်ဆည်းပေးတယ်၊ ပေးဆပ်နေကြတယ်။ တချို့က လိုအပ်ချက်ရှိတဲ့ နေရာတွေကို ပြန်ဖြည့်ဆည်းပေးနိုင်တာ တွေ့ရတယ်။ လိုအပ်ချက်ကွက်လပ်တွေကို ဖြည့်ပေးနိုင်တာပေါ့။ ဒီကျောင်းကိုတက်ပြီး တချို့က ပညာရေးအပိုင်း တာဝန်ခံတို့၊ ဌာနမှူးတို့ ဖြစ်လာတာရှိတာ တွေ့ရတော့ ဘာပဲပြောပြော အဓိက ကြိုးစားမှုက အလိုအပ်ဆုံးပါပဲ။ ကျောင်းဘယ်လောက်ကောင်းပေမဲ့လည်း ကြိုးစားမှုမရှိရင်တော့ ဘာမှလုပ်လို့မရဘူး။ ကြိုးစားမှုရှိရင်တော့ တဖြည်းဖြည်း တိုးတက်လာနိုင်တယ်လို့ ပြောချင်ပါတယ်။