ဖေဖော်ဝါရီ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ လယ်ဒို(ကျောက်ကြီး)၊ မူး(မုန်း)နှင့်ဆောထိ(ရွှေကျင်)မြို့နယ်တို့တွင် ဖေဖော်ဝါရီ(၃)ရက်နေ့မှ(၈)ရက်နေ့အထိ စစ်အုပ်စုမိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦးသေဆုံးပြီး လသားအရွယ်ကလေးငယ်အပါအဝင် (၇)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ကေအဲန်ယူထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီလ(၃)ရက်နေ့နှင့်(၇)ရက်နေ့က မုန်းမြို့နယ်၊ သစ်ဖြူဆိပ်ရွာနှင့် ပျဥ်ရေကျေးရွာတို့တွင် စစ်အုပ်စုကဒရုန်းဗုံးတိုက်ခိုက်မှုနှင့် ဂျက်ဖိုက်တာဖြင့်ဗုံးလေးလုံးကြဲချမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် အမျိုးသား(၂)ဦးသေဆုံးခဲ့သည်ဟု ယနေ့(ဖေဖော်ဝါရီ ၁၀)ရက်နေ့တွင် ထုတ်ပြန်ချက်ကဖော်ပြသည်။
ထို့အပြင် (၁)လသားကလေးငယ်အပါအဝင် သစ်ဖြူဆိပ်ရွာမှ အမျိုးသမီး(၃)ဦးနှင့် ပျဥ်ရေရွာမှ အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီ(၅)ရက်နေ့ စစ်အုပ်စုထောင်ထားသည့်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး ဒဏ်ရာရသွားကြောင်းလည်း ကေအဲန်ယူဘက်ကဆိုသည်။
လယ်ဒိုမြို့နယ်၊ အင်ပုရစ်နှင့်ဇရပ်ခင်ကျေးရွာတို့တွင်မူ ဖေဖော်ဝါရီ(၇)ရက်နေ့နှင့်(၈)ရက်နေ့က စစ်အုပ်စုမှ စက်တပ်လေထီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံအထိအခိုက်မရှိသော်လည်း နေအိမ်(၂)လုံးနှင့်သာသနာပိုင်အဆောက်အအုံ(၁)လုံး ပျက်စီးသွားကြောင်း သိရသည်။
“ဇရပ်ခင်ဆိုတာ ပဲနွယ်ကုန်းနား၊ စစ်တောင်းမြစ်အနောက်ဘက်ကရွာ၊ အဲဒီမှာလည်းပွဲတောက်လျှောက်ပဲ။ ညတုန်းကအထိ လက်နက်ကြီးအသေးအသံကြားတယ်။ အဲဒီဗုံးကြဲတဲ့နေ့က ပုဇွန်မြောင်းဘက်ကိုသွားပြီးအပြန်မှာဝင်ပစ်တာ” ဟု ကျောက်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ညောင်လေးပင်ခရိုင်တွင် ယခုနောက်ပိုင်း စစ်အုပ်စုကလေကြောင်းကင်းထောက်နှင့်တိုက်ခိုက်မှုပြုလုပ်ရာ၌ ဒရုန်းအပါအဝင် လူစီးနင်းလိုက်ပါရသည့်စက်တပ်-ဂျိုင်ရိုကော်ပတာနှင့် လူမပါစက်တပ်လေထီး-ပါရာမိုတာများ ပြောင်းလဲအသုံးပြုမှုများလာသည်ဟု ဒေသခံများကပြောသည်။
တစ်ပတ်အတွင်း လေကြောင်းအဓိကထားတိုက်ခိုက်မှုများကြောင့် ညောင်လေးပင်ခရိုင်အတွင်း ကျောက်ကြီးမြို့နယ်မှနေအိမ်(၂)လုံးအပါအဝင် မြို့နယ်(၃)ခုရှိ စုစုပေါင်း ပြည်သူပိုင်နေအိမ်(၆)လုံး ထိမှန်ပျက်စီးခဲ့ကြောင်းလည်း ကေအဲန်ယူ၏ထုတ်ပြန်ချက်အရ သိရသည်။



















