Home သတင်း မူတြော်ခရိုင်တွင် တစ်လအတွင်း တိုက်ပွဲပေါင်းရာချီရှိခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၃၀) ကျော် သေဆုံး

မူတြော်ခရိုင်တွင် တစ်လအတွင်း တိုက်ပွဲပေါင်းရာချီရှိခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၃၀) ကျော် သေဆုံး

732
Photo: KNLA

ဖေဖော်ဝါရီ (၁၀)ရက်၊ ၂၀၂၆ ခုနှစ်‌။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ-၅ နယ်‌မြေတွင် ပြီးခဲ့သည့်ဇန်နဝါရီတစ်လအတွင်း စစ်အုပ်စုနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များ တိုက်ပွဲ‌ဖြစ်ပွားသည့်အကြိမ်ရေ(၁၂၆)ကြိမ်ရှိခဲ့ပြီး စစ်‌အုပ်စုတပ်ဖွဲ့ဝင်(၃၄)ဦး သေဆုံးခဲ့‌ကြောင်း တပ်မဟာ(၅)ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူ၏လချုပ်စာရင်းထုတ်ပြန်ချက်တွင် ဇန်နဝါရီတစ်လလုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်‌အုပ်စုတပ်ဖွဲ့ဝင် (၃၄)ဦးသေဆုံး၍ (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သွားခြင်းဖြစ်ပြီး လက်နက်နှစ်လက်နှင့် ၁၂၀ မမ လက်နက်ကြီးတစ်လက်ကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ကဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြသည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ တိုက်ပွဲတွင်ထိခိုက်သေဆုံးမှုရှိမရှိကိုမူ ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြခြင်းမရှိပေ။ လတ်တလောတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့မှစ၍ KNLA မဟာမိတ်တပ်များက ဖာပွန်ဗျူဟာစခန်းကုန်းကိုသိမ်းပိုက်နိုင်ရန်ကြိုးပမ်းနေပြီး စစ်အုပ်စုကလေကြောင်းပစ်ကူများလည်း တကျော့ပြန်ရှိသည်ဟု သိရသည်။

တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က‌ “ အခုနွေဘက်ရောက်ပြီဆိုတော့ စခန်းကနေတဆင့်လှမ်းပစ်ခတ်တာတွေရှိတယ်။။ နေရာပြန်လည်တိုးချဲ့ဖို့လှုပ်ရှားလာတာပေါ့နော်။ လေယာဥ်ကတော့ နေ့ရောညရော အဆက်မပြတ်လာပစ်နေတုန်းပဲ။ ဒီနှစ်ရက်၊သုံးရက်ဆို တစ်ရက်တစ်ခါလောက်လာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တပ်မဟာ(၅)နယ်‌မြေအတွင်း ဇန်နဝါရီတစ်လလုံး စစ်အုပ်စုက လေယာဥ်ဖြင့်(၂၉) ကြိမ်၊ ဒရုန်းဖြင့်(၄) ကြိမ်နှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုအကြိမ်ရေ(၂၀)ထက်မနည်း လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူနေထိုင်ရာကျေးရွာများကို ဦးတည်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယင်းကြောင့် အရပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၃)လုံး၊ အဆောက်အဦး(၁)လုံး ပျက်စီးသွားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း မူတြော်ခရိုင်၌ နှစ်ဖက်တိုက်ပွဲပေါင်း(၁,၁၁၃) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က (၂၈၄) ဦး‌သေဆုံး၍ (၄၅၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ–ဗဟိုက စာရင်းထုတ်ပြန်ခဲ့သည်။