ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း၊မြောက်ပိုင်းတစ်ခွင် ကျေးရွာများတွင် ယခုရက်ပိုင်း စစ်အုပ်စုက ဒရုန်းများအသုံးပြု၍ ဗုံးကြဲမှုနေ့စဥ်လုပ်ဆောင်နေကြောင်း ကော့ကရိတ်နယ်ခံတော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ယခင်ကတည်းက ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီးနှင့်ဒရုန်းများ စစ်အုပ်စုကပစ်ခတ်မှုရှိသော်လည်း ယခုရက်ပိုင်း ဒရုန်းအသုံးပြု ဗုံးကြဲချမှုနေ့စဥ်လိုလိုရှိနေသည်ဟု သိရသည်။
“ဒီရက်ပိုင်းမှာပိုများလာတာ။ မနက်တစ်ကြိမ် ညနေတစ်ကြိမ်ပုံမှန်ပဲလာတယ်။ တခါတလေရက်တွေဆို နေ့ခင်းဘက်လည်းလာကြဲတယ် ဒရုန်းနဲ့။” ဟု ကော့ကရိတ်စစ်ရေးနယ်မြေရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကော့ကရိတ်တောင်ပိုင်း၊ သာယာကုန်း၊ ရွာသစ်၊ မြို့ဟောင်းစသည့်တို့အပြင် အနီးတဝိုက်ကျေးရွာများတွင်လည်း နေ့စဥ်လိုလိုဒရုန်းဗုံးတိုက်ခိုက်မှုရှိပြီး ဒေသခံအများစုနေရပ်ရှောင်တိမ်းနေ၍ အထိအခိုက်မရှိသော်လည်း ဗုံးစမှန်ပြီးပျက်စီးဆုံးရှုံးထားသည့်နေအိမ်အရေအတွက် တဖြည်းဖြည်းများလာကြောင်း ကော့ကရိတ်ဒေသခံများထံမှ သိရသည်။
သာယာကုန်းရွာသားတစ်ဦးက “ရွာထဲမှာ ဒရုန်းတွေ လက်နက်ကြီးတွေ အမြဲကျနေတာ။ ရွာသားအများစုကရှောင်နေတော့ ထိခိုက်တာမရှိဘူး။ အိမ်တွေပဲ နေ့တိုင်းလိုလို အပျက်အစီးပိုများလာတယ်”ဟု ကေအိုင်စီကို ပြောသည်။
အလားတူ ယမန်နေ့ ဖေဖော်ဝါရီ (၈)ရက်နေ့ကတည်း သာယာကုန်းရွာအတွင်းသို့ ကမိုင်ကုန်းရွာတွင်တပ်စွဲထားသည့်စစ်အုပ်စုက ဒရုန်းဗုံး(၃)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူပိုင်နေအိမ်(၂)လုံး ပျက်စီးသွားကြောင်း ဒေသသတင်းမီဒီယာတချို့တွင် ဖော်ပြသည်။
ကော့ကရိတ်မြို့ပြင်ကျေးရွာများအပြင် မြို့အနီးတဝိုက်တွင်လည်း စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲမကြာခဏဖြစ်ပွားနေသလို ပြီးခဲ့သည့်အပတ်ကတင် အင်အားအလုံးအရင်းဖြင့် စစ်အုပ်စုမှကရင်ပြည်နယ်အတွင်းဝင်ရောက်လာသည်။
ထို့အပြင် ကော့ကရိတ်မြို့အနီးကျေးရွာနေ ဒေသခံများကို စစ်အုပ်စုက နေရပ်ပြန်လည်နေထိုင်ရန် ခွင့်မပြုသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း လုံခြုံရေးအန္တရာယ်ကြောင့် တားမြစ်ပိတ်ပင်မှုရှိသည်ဟု သိရသည်။



















