Home သတင်း လူသားချင်းစာနာမှုအကူအညီလိုအပ်မှုအခြေအနေ ဒေါက်တာစင်သီယာ မောင်နှင့် နယူးဇီလန် အစိုးရတာဝန်ရှိသူများ ဆွေးနွေးခဲ့

လူသားချင်းစာနာမှုအကူအညီလိုအပ်မှုအခြေအနေ ဒေါက်တာစင်သီယာ မောင်နှင့် နယူးဇီလန် အစိုးရတာဝန်ရှိသူများ ဆွေးနွေးခဲ့

583
Photo: Crd.

ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသည့် စစ်ဘေးရှောင်ပြည်သူများနှင့် နယ်စပ်ဒေသရှိ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ ပိုမိုလိုအပ်သည့် အခြေအနေကို မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က နယူးဇီလန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (New Zealand Campaign for Myanmar – NZCM) ၏ ဖိတ်ကြားချက်အရ ရောက်ရှိနေသည့် ဒေါက်တာစင်သီယာမောင်သည် ခရီးစဉ်အတွင်း Auckland၊ Wellington နှင့် Nelson မြို့များသို့ သွားရောက်ကာ နယူးဇီလန်အစိုးရ တာဝန်ရှိသူများ၊ ဆရာဝန်အသင်း၊ နပ်စ် (သူနာပြု) အသင်းနှင့် Union Aid အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ယခုလို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုများအတွင်း ဒေါက်တာစင်သီယာမောင်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းလာသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ တိုင်းရင်းသားနယ် မြေများအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တိုးပွားလာသည့် စစ်ဘေးရှောင်ဦး ရေနှင့် ၎င်းတို့၏ အရေးပေါ်လိုအပ်ချက်များကို တင်ပြခဲ့ကြောင်း ခရီးစဉ်အတွင်း လိုက်ပါကူညီဆောင်ရွက်သူတစ်ဦးက ပြောသည်။

၎င်းက “လက်ရှိမှာ ပြည်တွင်းစစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ထိုင်း-မြန်မာနယ်စပ်က တရားဝင်ရော၊ တရားမဝင်ပါ ရောက်ရှိနေသူတွေရဲ့ အခြေအနေတွေ ပိုပြီးစိုးရိမ်နေရတဲ့အကြောင်း၊ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ အနာဂတ်ပညာရေးနဲ့ ကျန်းမာရေးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုလိုအပ်နေတဲ့ အကြောင်းတွေ ထည့်သွင်းဆွေးနွေးခဲ့တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စု (USA) ဘက်မှ ကျန်းမာရေးဆိုင်ရာ အကူအညီအချို့ ဖြတ်တောက်ခံရမှုကြောင့် နယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အခက်အခဲများ ပိုမိုကြုံတွေ့နေရကြောင်းကိုလည်း ဒေါက်တာစင်သီယာမောင်က ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

Photo: Crd.

နယူးဇီလန်အစိုးရ တာဝန်ရှိသူများအနေဖြင့်လည်း ထိုကဲ့သို့ မြေပြင်အခြေအနေများကို ဒေါက်တာစင်သီယာမောင် ကိုယ်တိုင်လာရောက် ရှင်းလင်းသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ယခုတင်ပြချက်များကို အစိုးရထံ ပြန်လည်တင်ပြကာ ကူညီနိုင်မည့် နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း တုံ့ပြန်ချက်များ ရရှိခဲ့သည်ဟု သိရသည်။

“ဆရာမကတော့ နေ့စဉ်နဲ့အမျှ တွေ့ဆုံမှုတွေ၊ အမေးအဖြေတွေလုပ်ရတော့ ပင်ပန်းတာတော့ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေအတွက် အမှန်တကယ် လိုအပ်နေတာတွေကို နိုင်ငံတကာက သိအောင် ချပြခွင့်ရတဲ့အတွက် သူကိုယ်တိုင်လည်း ကျေနပ်အားရမှုရှိနေတာကို တွေ့ရပါတယ်” ဟု ခရီးစဉ်အတွင်း လိုက်ပါကူညီသူတစ်ဦးက ဖြည့်စွက်ပြောသည်။

ခရီးစဉ်တစ်လျှောက်တွင် နယူးဇီလန်ရောက် မြန်မာတိုင်းရင်းသား မိသားစုများကလည်း ဒေါက်တာ စင်သီယာမောင်အား နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး မယ်တော်ဆေးခန်း၏ လိုအပ်ချက်များအတွက် ပုဂ္ဂိုလ်ရေးအရရော၊ မိသားစုအလိုက်ပါ ဝိုင်းဝန်းလှူဒါန်း ပံ့ပိုးခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အစီအစဉ်အရ ဒေါက်တာစင်သီယာမောင်သည် လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ Palmerston နှင့် Wellington မြို့ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် တွေ့ဆုံပွဲ ပြုလုပ်သွားမည်ဖြစ်သလို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ Nelson မြို့ရှိ တိုင်းရင်းသားများနှင့် ဆက်လက်တွေ့ဆုံသွားမည်ဟု ဆိုသည်။

၎င်းနောက် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သြစတြေးလျနိုင်ငံသို့ ဆက်လက်ထွက်ခွာရန် စီစဉ်ထားသော်လည်း လက်ရှိတွင် ဗီဇာရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။