Home သတင်း ဖားအံတွင် တရားမဝင်ထိုင်းကုန်ပစ္စည်းဖမ်းပြပြီး ဝန်ထမ်းများ ကိုယ်တိုင် သယ်ဆောင်ပေးနေ

ဖားအံတွင် တရားမဝင်ထိုင်းကုန်ပစ္စည်းဖမ်းပြပြီး ဝန်ထမ်းများ ကိုယ်တိုင် သယ်ဆောင်ပေးနေ

840
Photo: CJ

ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်-ထိုင်းနယ်စပ်မှတစ်ဆင့် ဝင်လာသည့် တရားမဝင်ထိုင်း ကုန်ပစ္စည်းများကို စစ်အုပ်စုက ဖားအံမြို့အဝင်ဂိတ်နေရာများတွင် ဖမ်းဆီးစစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်နေသော်လည်း ဖားအံမြို့ ဆယ်အိမ်စုရွာကမ်းနားဘက်တွင်မူ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ထိုတရားမဝင်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးနေလျက်ရှိသည်ဟု မြို့ခံများထံမှ သိရသည်။

စစ်အုပ်စုထံ အခွန်မတင်ထားသည့် တရားမဝင် ထိုင်းကုန်ပစ္စည်းကားများကို တောင်ကလေးကျေးရွာ၊ အနောက်ဘက်ခြမ်းမှတစ်ဆင့် ဆယ်အိမ်စုကျေးရွာ ကမ်းနားအထိ ဝင်ရောက်လာပြီးနောက် အစစ်အဆေးမရှိ ပို့ဆောင်ပေးနေလျက်ရှိသည်ဟု ဆယ်အိမ်စုဒေသခံများက ကေအိုင်စီသို့ ပြောသည်။

“အဲဒီမှာ ရဲတွေ၊ မော်တော်ပီကယ်(ယာဉ်ထိန်းရဲ)တွေအစ အရှေ့ကနေ အိမ်စီးကားနဲ့ မောင်းပြီး အနောက်မှာ ထိုင်းကုန်ပစ္စည်းသယ်လာတဲ့ကားတွေ လိုက်လာတာ အေးဆေးပဲ။ တစ်ဖက်ကဖမ်းပေမယ့် တစ်ဖက်က လက်ဝါးချင်းရိုက်ပြီး ဝင်ခွင့်ပေးတယ်” ဟု မျက်မြင်တွေ့ရှိသည့် ရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ကုန်ပစ္စည်းများကို ဆယ်အိမ်စုရွာ သံလွင်မြစ်အနီးတွင် ချထားကာ စက်လှေငယ်များဖြင့် သံလွင်မြစ်အနောက်ဘက်ကမ်းသို့ ပြန်လည်ပို့ဆောင်နေသည်ဟုလည်း ထိုဒေသခံက ဆက်ပြောသည်။

၎င်းအပြင် သံလွင်မြစ်ထဲတွင် ကင်းလှည့်နေသည့် မော်တော်ဘုတ်များ ပုံမှန်ရှိနေသော်လည်း အဆိုပါ တရားမဝင် ထိုင်းကုန်ပစ္စည်း ကမ်းကူးပေးနေသည့် နေရာများတွင် စစ်ဆေးမှုတစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် တရားမဝင် တင်ဆောင်လာသည့် ထိုင်းကုန်ပစ္စည်းကားနှင့် ခရီးသည် တင်ကားများကို ထီလုံစစ်ဆေးရေးဂိတ်မှ နံနက် (၆) နာရီမှ ည (၆) နာရီအထိသာ ဖြတ်ခွင့်ပေးထားသည်။ သို့သော်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့များနှင့် နားလည်မှုယူထားသည့် ကုန်တင်ကားအချို့သည် ယင်းဂိတ်များမှ ဖြတ်ခွင့်ပေးနေသည်ဟု ဒေသခံများက ပြောဆိုသည်။

“အဲဒီထီလုံဂိတ်မှာက ၆ နာရီကျော်ရင် ဖားအံဘက်ကို ပေးမဝင်တော့ဘူး။ တကယ်လို့ လှိုင်းဘွဲ ဘက်ခြမ်းသွားရင်တော့ ရတယ်။ ဒါပေမယ့် တချို့ကုန်ပစ္စည်းကားတွေက ချိတ်ဆက်လုပ်ထားတာလားမသိဘူး။ အခြေအနေကြည့်ပြီး သွားနေတာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ပြည်နယ် စစ်အုပ်စု ညွှန်ကြားချက်ဖြင့် သံလွင်မြစ်ထဲရှိ ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များ ဖွင့်ထားသည့် ကမ်းကူးဖောင်ဆိပ်များနှင့် လှေဆိပ်များကို လိုက်လံပိတ်ခိုင်းခဲ့သော်လည်း ယခုထိ ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။