ဖေဖော်ဝါရီလ၊ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံသို့ ဖေဖော်ဝါရီလ (၉)ရက်နေ့က လက်နက်ကြီးပစ်ခတ်ခံရသည့်အပေါ် စစ်အုပ်စုမှ ပြဿနာရှုပ်ထွေးလာစေရန် ဖန်တီးနေခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကပြောသည်။
လက်နက်ကြီးကြောင့် မြိုင်ကြီးငူဆေးရုံနေရာ အဆောက်အအုံအချို့ပျက်စီး၍ ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်တွင် စစ်တပ်ထောက်ခံသည့်မီဒီယာများနှင့် ခွဲထွက် DKBA ဗိုလ်ဘိထောက်ခံသူအချို့က ကေအဲန်ယူ တပ်မဟာ(၅) လုပ်ရပ်ဖြစ်ကြောင်း အွန်လိုင်းမှဝါဒဖြန့်နေသလို အမြင်မတူသူလူထုအကြား အငြင်းပွားစရာဖြစ်နေသည်။
မြိုင်ကြီးငူအထူးဒေသ သံလွင်အနောက်ဘက်ကမ်း၊ မူတြော်ခရိုင်အတွင်း ဖာပွန်ဗျူဟာစခန်းသိမ်းတိုက်ပွဲပြင်းထန်နေသည့်အချိန်ကိုက် ဆေးရုံလက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းမှာ ကေအဲန်ယူအား ပြည်သူလူထုအမြင်မှားစေရန်၊ ဒေသတွင်းပဋိပက္ခဖန်တီးရန် စစ်အုပ်စုအကြံအစည်ဖြစ်နိုင်သည်ဟု တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆိုသည်။
“ကျနော်ထင်တာကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပြသနာဖြစ်ဖို့ ပဋိပက္ခဖန်တီးဖို့ စစ်အုပ်စုဘက်က သပ်သပ်ဖန်တီးနေတာဖြစ်တယ်။ ဆေးရုံကို ကျနော်တို့တပ်မဟာ(၅)ဘက်ကသွားပစ်ရအောင် ကျနော်တို့လူတွေက ဖွဲနုစားတာမဟုတ်ဘူး” ဟု တပ်မဟာ(၅)ပြောခွင့်ရသူက ပြောသည်။
မြိုင်ကြီးငူအထူးဒေသတစ်ဖက်ကမ်း ကမမောင်းမြို့အနီး၊ ထီးသဒေါထကျေးရွာအုပ်စုတွင်နေထိုင်သူတချို့ ပြောပြချက်အရမူ ၎င်းရွာအတွင်းရှိစစ်အုပ်စုတပ်စခန်းမှ လက်နက်ကြီးမကြာခဏပစ်ခတ်လေ့ရှိပြီး မြိုင်ကြီးငူဆေးရုံ ပစ်ခတ်ခံရသည့်အချိန်တွင်လည်း စခန်းမှလက်နက်ကြီးပစ်ထုတ်သံကြားရကြောင်း သိရသည်။
ထို့အပြင် ယင်းဒေသတွင် ကရင်နယ်ခြားစောင့်တပ်-BGF၊ ဗိုလ်ဘိဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့နှင့် စစ်အုပ်စုတို့ သွားလာလှုပ်ရှားလျက်ရှိသလို အနောက်ဖက်ကမ်းရှိ ကမမောင်းတွင်လည်း စစ်အုပ်စု တပ်စခန်းအများအပြားရှိကြောင်း ဒေသခံများကပြောသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေထဲတွင် အာဏာသိမ်းစစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လာသောကြောင့် မြိုင်ကြီးငူဒေသသို့ ဒေသခံလူထုအများအပြား လာရောက်ခိုလှုံနေထိုင်လျက်ရှိသည်။



















