Home သတင်း စစ်အုပ်စုစေခိုင်းချက်အရ မူးယစ်ဆေးသွားရောင်းသည့် ကလေးငယ် (၂) ဦး ဖမ်းမိခဲ့ကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင် ထုတ်ပြန်

စစ်အုပ်စုစေခိုင်းချက်အရ မူးယစ်ဆေးသွားရောင်းသည့် ကလေးငယ် (၂) ဦး ဖမ်းမိခဲ့ကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင် ထုတ်ပြန်

537
Photo: KNU

ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၆) ရက်နေ့က WY (စိတ်ကြွမူးယစ်ဆေး) များအား စစ်အုပ်စုခိုင်း စေချက်အရ သွားရောက်ရောင်းချသည့် အသက်မပြည့်သေးသူ ကလေးငယ်နှစ်ဦးကို ကရင်အမျိုးသား ရဲတပ်ဖွဲ့-KNPF က ဖမ်းဆီးမိခဲ့ကြောင်း ညောင်လေးပင်ခရိုင် ကေအဲန်ယူက ထုတ်ပြန်သည်။

ကျောက်တံခါးမြို့တွင်နေထိုင်သည့်အသက် (၁၆) နှစ်နှင့် (၁၄) နှစ်အရွယ် ယောက်ျားလေးနှစ်ဦးအား ၎င်းတို့သယ်ဆောင်လာသော မူးယစ်ဆေးပြား (၁၀၀) ခန့်နှင့်တကွ ကျောက်ကြီးမြို့နယ်အတွင်း KNPF က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု ယနေ့ ဖေဖော်ဝါရီ (၂၀) ရက်နေ့ ကေအဲန်ယူထုတ်ပြန်ချက်က ဖော်ပြသည်။

ကလေးငယ်နှစ်ဦးကို မေးမြန်းရာတွင် စစ်အုပ်စုက မူးယစ်ဆေးဝါးဖြန့်ဖြူးရန် ခိုင်းစေမှုကြောင့်ဖြစ်သည်ဟု ဝန်ခံပြောဆိုခဲ့ကြောင်း သိရသည်။

ကေအဲန်ယူထိန်းချုပ်သည့်နယ်မြေအတွင်း မူးယစ်ဆေးထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများကို အရေအတွက်အပေါ်မူတည်ပြီး အနည်းဆုံး အသိပညာပေးခြင်းမှ အများဆုံး နှစ်ရှည်ထောင်ဒဏ်အထိ ချမှတ်နိုင်ကြောင်း ယခင်မူးယစ်ဆေးအမှုများနှင့်ပတ်သက်ပြီး ကေအဲန်ယူတရားရေးဘက်က ပြောဆိုဖူးသည်။

ယခုတစ်ကြိမ် ဖမ်းမိသူမှာ အသက်မပြည့်သေးသည့် ကလေးငယ်များဖြစ်၍ ရှေ့ဆက်ကိုင်တွယ်မည့် လုပ်ငန်းစဉ်များကို သိရှိနိုင်ရန် ကေအိုင်စီက ညောင်လေးပင်ခရိုင် ကေအဲန်ယူ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ကရင့်တော်လှန်ရေးကာလတစ်လျှောက် စစ်အုပ်စုက တော်လှန်ရေးပုံရိပ်ညှိုးနွမ်းစေရန်၊ တော်လှန်ရေးတပ်ဖွဲ့အင်အားချည့်နဲ့လာစေရန်၊ ဒေသခံလူထု၏ အကျင့်စာရိတ္တပျက်ပြားစေရန် ရည်ရွယ်ပြီး သတင်းအတု သတင်းအမှား၊ အကျိုးအမြတ်ဖြင့် ဆွဲဆောင်ခြင်းများ လုပ်ဆောင်လေ့ရှိသည်ဟုလည်း ခရိုင်၏ထုတ်ပြန်ချက်က ဆိုသည်။