Home သတင်း လွတ်မြောက်နေသော ကရင်နီထောင်မှ အကျဉ်းသားများ အန္တရာယ်ပေးလာနိုင်သည့်အရေး လူထုစိုးရိမ်

လွတ်မြောက်နေသော ကရင်နီထောင်မှ အကျဉ်းသားများ အန္တရာယ်ပေးလာနိုင်သည့်အရေး လူထုစိုးရိမ်

506
Photo: IEC

ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ-IEC က စီမံအုပ်ချုပ်နေသည့် ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ အကျဉ်းထောင်အမှတ်(၂)ရှိ အကျဉ်းသားများ လွတ်မြောက်နေ သေးသည့်ကိစ္စနှင့်ပတ်သက်ပြီး လူထုထံ အန္တရာယ်ပေးမှုများ ရှိလာနိုင်သည့်အရေး စိုးရိမ်ပူပန် နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၈) ရက်နေ့၊ နံနက် (၁) နာရီဝန်းကျင်တွင် စစ်အုပ်စုအဖွဲ့ဝင်ဖြစ်ခဲ့ဖူးသော ထောင်ဝန်ထမ်း နှစ်ဦး၏ အကူအညီဖြင့် အမှတ်(၂) အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း အကျဉ်းသား (၈၀) ဝန်းကျင်သည် လက်နက်ငယ် (၉) လက် သယ်ဆောင်ပြီး ထောင်မှ ထွက်ပြေးလွတ်မြောက်သွားကြောင်း IEC ဘက်က ထုတ်ပြန်သည်။

ကရင်နီပြည်ရဲတပ်ဖွဲ့အပြင် တာဝန်ရှိသူများ ပူးပေါင်းပြီး လွတ်မြောက်နေသည့် အကျဉ်းသားများကို လိုက်လံဖမ်းဆီးမှု လုပ်ဆောင်နေသော်လည်း မြို့ပြ လူစည်ကားရာအရပ်သို့ ရောက်လာနိုင်ခြင်း၊ စစ်အုပ် စုထံ ပြန်လည်ချိတ်ဆက်ပြီး လူထုရှိနေသည့် နေရာများကို အန္တရာယ်ပြုလာနိုင်ခြင်း စသည့် စိုးရိမ်ချက်များဖြင့် လူထုက စိုးရိမ်ပူပန်နေသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူက ပြောသည်။

“သူတို့မှာ ဖုန်းတွေရော၊ ဝေါ်ကီတော်ကီတွေရော၊ ပြီးတော့ သူတို့အချိတ်အဆက်နဲ့ သူတို့ရှိနေတာလည်း အန္တရာယ်များတယ်။ စကစဆီ ပြန်ရောက်သွားမယ်ဆိုရင် ဒီဘက်မှာ တချို့သော စခန်းတွေ တည်နေ ရာတွေ သိနိုင်တယ်။ အဲဒီနေရာတွေကို ပြန်တိုက်တာ၊ ဗုံးကြဲတာတွေ ရှိလာနိုင်တော့ လူထုကြားမှာ တော်တော်လေး စိုးရိမ်နေကြတယ်လို့ ပြောရမယ်။” ဟု ၎င်းက ပြောသည်။

IEC ဘက်ကမူ အကျဉ်းသားများ လွတ်မြောက်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး လူထုအပေါ် အန္တရာယ် မရှိအောင် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေသလို လူစည်ကားရာ အရပ် ဒေသသို့ ထွက်ပြေးခြင်း မဟုတ်သဖြင့် စိုးရိမ်ပူပန်စရာ မလိုကြောင်း သတင်းမီဒီယာများကို ဖြေကြားထားသည်။

အဆိုပါ အကျဉ်းသားများထဲမှ အရာရှိအဆင့်ရှိသူ တစ်ဦးသည် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အတွင်းသို့ ရောက်ရှိသွားပြီး ထိုင်းအာဏာပိုင်များထံ သွားရောက် အဖမ်းခံခဲ့ သည်ဟုလည်း ယမန်နေ့က ထိုင်းမီဒီယာတစ်ခုမှ ဖော်ပြသည်။

“ပုံအနေအထားကို ကြည့်ရင် ထိုင်းရဲမှာ အဖမ်းခံလိုက်တဲ့သူက လွတ်သွားတဲ့ အကျဉ်းသားလို့ ပြောလို့ရပါတယ်။ ဘယ်လိုပြန်ပို့မယ်ဆိုတာတော့ မပြောတတ်ဘူး၊ ထိုင်းဘက်ကို ဘယ်နှစ်ယောက် ရောက်သွားလဲဆိုတာ ကျနော်တို့လည်း အတတ်နိုင်ဆုံး စိစစ်နေပါတယ်။” ဟု IEC အတွင်းရေးမှူး(၂) ဦး ဗညားခွန်အောင်က ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အကုန်ပိုင်းကလည်း ကရင်နီပြည်နယ်ရှိ အကျဉ်းစခန်း တစ်နေရာမှ အကျဉ်းသား (၆) ဦး ထွက်ပြေးလွတ်မြောက်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။ ထို့ကြောင့် ပြည်နယ်အတွင်း တရားစီရင်မှုစနစ်အောက်ရှိ စီမံခန့်ခွဲရေး ပေါ့ဆသည့်အပေါ် အများပြည်သူ ဝေဖန်ထောက်ပြသံများ ထွက်ပေါ်နေသည်။

ထို့အတူ ကရင်နီပြည်နယ် တချို့နေရာများတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုများပြားရာမှ အမှုအခင်း ပေါများလာသည့်အပေါ်တွင်လည်း လူထု စိုးရိမ်ပူပန်မှု ရှိနေသည်ဟု သိရသည်။