Home သတင်း မူတြော်ခရိုင်တွင် လဝက်အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွား၊ စစ်အုပ်စုတပ်ဘက်မှ ၇ ဦး သေဆုံးခဲ့

မူတြော်ခရိုင်တွင် လဝက်အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွား၊ စစ်အုပ်စုတပ်ဘက်မှ ၇ ဦး သေဆုံးခဲ့

454
Photo: KNU

ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ (၅) နယ်မြေအတွင်း ယခုဇန်နဝါရီလ လယ်အထိ တိုက်ပွဲပေါင်း (၃၀) ကျော် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ (၇) ဦး သေဆုံးခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု ဇန်နဝါရီလဆန်း ၁ ရက်မှ ၁၅ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် – KNLA တို့ ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲပေါင်း (၃၆) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၇) ဦး သေဆုံးကာ (၁၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များအတွင်း KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အနည်းငယ်သာ ဒဏ်ရာရရှိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မဟာ (၅) နယ်မြေအတွင်း စစ်အုပ်စုတပ်ဘက်မှ ၎င်းတို့၏ ဆုံးရှုံးထားသော နယ်မြေများ ပြန်လည် ရရှိရေးအတွက် အင်အားတိုးချဲ့ လှုပ်ရှားမှုများ ပိုမို လုပ်ဆောင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်း တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောက လယ်ဒို့က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က ကေအိုင်စီသို့ ပြောဆိုခဲ့သည်။

၎င်းက “တပ်မဟာ (၅) မြောက်ဘက်မှာဆိုရင် တပ်စခန်းတွေက (၁၀) ခုကျော်လောက် ရှိသေးတယ်လေ။ သူတို့ကလည်း တပ်စခန်းတစ်ခုနဲ့ တစ်ခုကြား လှုပ်ရှားမှုတွေ ရှိနေသေးတော့ တိုက်ပွဲတွေက ခဏခဏ ဖြစ်နေတုန်းပဲ” ဟု ပြောသည်။

ထို့အပြင် ယခု ဇန်နဝါရီလအတွင်း အရပ်သားပြည်သူများ နေထိုင်ရာနေရာများသို့ လက်နက်ကြီး (၄) ကြိမ်နှင့် ဂျက်တိုက်လေယာဉ် (၅) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး သေဆုံးခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် တပ်မဟာ (၅) နယ်မြေအတွင်း စစ်အုပ်စုဘက်မှ စစ်ရေးလှုပ်ရှားမှုများနှင့် တပ်အင် အား တိုးချဲ့မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၇) ရက်နေ့တွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ ဖာပွန်ဗျူဟာကုန်း စခန်း မကျရေးနှင့် သိမ်းပိုက်ခံထားရသည့် ကာကင်းစခန်းများ ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။

မူတြော်ခရိုင်တွင် ၂၀၂၅ ခုနှစ်၌ KNLA နှင့် စစ်အုပ်စုတပ်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း (၁၁၁၃) ကြိမ်အတွင်း စစ်အုပ်စုတပ်ဘက်မှ (၂၈၄) ဦး သေဆုံးပြီး (၄၅၉) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။