Home သတင်း မဲဆောက်တွင် ဆယ်လီ LGBT လူငယ်တစ်ဦး သတ်ဖြတ်ခံရပြီး ပစ္စည်းလုယက်မှု ဖြစ်ပွား

မဲဆောက်တွင် ဆယ်လီ LGBT လူငယ်တစ်ဦး သတ်ဖြတ်ခံရပြီး ပစ္စည်းလုယက်မှု ဖြစ်ပွား

582
Photo: Social Media

ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက် TK ကြီး စက်ရုံလမ်းမအနီးရှိ တောင်ယာစိုက်ကွင်းခြံဝင်း တစ်ခုတွင် ဇန်နဝါရီ လ ၂၀ ရက်နေ့လည်ပိုင်းအချိန်တွင် အွန်လိုင်းဆယ်လီ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) လူငယ်တစ်ဦး ပစ္စည်း လုယက် သတ်ဖြတ်ခံ ထားရသည်ဟုနီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ သေဆုံးနေသူသည် အသက် ၂၅နှစ်ဝန်းကျင်ရှိ ကိုတင်ဇော်ထွေး (ခ)ဧရာဝတီမဟုခေါ်သည့် ဆယ်လီ LGBT လူငယ်တစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက် ည ၁၂ နာရီခန့်က နေအိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးခဲ့သည်ဟု နီးစပ် သူများက ပြောသည်။ အဆိုပါ ပျောက်ဆုံးနေမှုကို အဆက်အသွယ်ရရန် လူမှုကွန်ရက်တွင် ၎င်းနှင့်အတူ နေထိုင် သူများက အကူအညီတောင်းခဲ့သည်ဟု ဆိုသည်။

ထိုသို့သတ်ဖြတ်ခံထားရသည့်အခင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးကိုတင်ဇော်ထွေး(ခ) ဧရာဝတီမနှင့် အွန်လိုင်းလူမှု ကွန်ရက်မှ ရင်းနှီးပတ်သက်သူတစ်ဦးမှ တွေ့ဆုံရန် ချိန်းဆိုပြီး ပစ္စည်းလုယက်သတ်ဖြတ် သွားခြင်းဖြစ်ကြောင်း အခြေအနေကိုသိရှိသူ သတင်းအရင်းအမြစ်က ပြောသည်။

“ဒီကိစ္စမှာတရားခံက ကြိုတင်ပြင်ဆင်ထားပုံရပါတယ်။ အွန်လိုင်းကနေချိန်းပြီးအပြင်ကို လိမ်ခေါ်တာပေါ့။ တည်း ခိုခန်းကို သူမရွေးဘူးမရွေးဘဲနဲ့ မဲတောင်ရဲ့ဒီဘက်ကခြံလွတ်ကြီးထဲကို ရွေးပြီးတော့ ဘေးမှာကခြုံပင်တွေနဲ့ ခြံအလယ်မှာ ကုက္ကိုလ်ပင်ရှိတယ်။ အဲဒီအောက်မှာသတ်သွားပြီးပစ္စည်းတွေ၊ ဖုန်းတွေ ယူသွားတာမျိုးပေါ့နော်” ဟု အခင်းဖြစ်ပွားသည့် အခြေအနေကို ပြောသည်။

ထိုသို့ သေဆုံးသူ ကိုတင်ဇော်ထွေး(ခ) ဧရာဝတီမတွင် ဝတ်ဆင်ယူဆောင်သွားသည့် ရွှေဆွဲကြိုး (တစ်ကျပ်သား) တစ်ကုံး၊ ရွှေလက်စွပ်၊ ရွှေလက်ပတ်ကြိုးတစ်ခုနှင့်အတူ iphone 17 promax ဖုန်းတန်ဘိုး ထိုင်းဘတ် ငွေ ၄၅, ၀၀၀ ခန့်ရှိ လက်ကိုင်ဖုန်းတစ်လုံး ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ လူသတ်ပစ္စည်းလုယူသွားသူအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့ နှင့် ရပ်ကွက် အာဏာပိုင်အဖွဲ့အစည်းများက သေဆုံးသူနှင့်နီးစပ်သူများအား စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း သိရှိရသည်။