Home သတင်း စမွတ်ပရာကန် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်ကြောင့် ထိုင်းရောက် မြန်မာများ သတိထားနေထိုင်ကြရန် တိုက်တွန်း

စမွတ်ပရာကန် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်ကြောင့် ထိုင်းရောက် မြန်မာများ သတိထားနေထိုင်ကြရန် တိုက်တွန်း

577
Photo: Social Media

ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ စမွန်ပရာကန်ခရိုင်၊ The One စားသောက်ဆိုင်ရှေ့၌ ပါဆယ်ပို့ဆောင်သူ ထိုင်းနိုင်ငံသားကို ထိုးကြိတ်၊ ရိုက်နှက်သည့်ဖြစ်စဉ်ကြောင့် ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် သတိထားနေထိုင်ကြရန် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများမှ တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပါဆယ်ပို့ဆောင်နေသည့် ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံ သားတစ်ဦးတို့အကြား စကားများမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ အခြေအနေကို ဖြေရှင်းရန် ရောက်ရှိလာသည့် အစားအသောက် ပါဆယ်ပို့ဆောင်သူ ထိုင်းနိုင်ငံသားများအား စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေသူဟု ယူဆရသော မြန်မာနိုင်ငံသားဘက်မှ စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ရေးသားကြသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံသားဘက်မှ မကျေနပ်မှုများဖြစ်ကာ ကျူးလွန်သူများကို လိုက်လံဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်း၊ မြေပြင်အခြေအနေများ တင်းမာနေဆဲဖြစ်၍ ထိုင်းရောက် မြန်မာနိုင်ငံသားများအနေဖြင့် သတိထားသွားလာ၊ နေထိုင်ကြရန် လိုအပ်ကြောင်း ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ နာယက စောစိပ်ပလောင်က တိုက်တွန်းသည်။

“ကိုယ်တွေက သူများနိုင်ငံမှာ ဧည့်သည်အနေနဲ့ ရောက်လာတာဖြစ်တဲ့အတွက် ဧည့်သည်လို နေထိုင်ရမယ်။ ကိုယ့်တစ်ယောက်အတွက်နဲ့ အများဒုက္ခရောက်တာ မဖြစ်စေချင်ဘူး။ အခုက ကိုယ့်ခံစားချက်တွေကို ရှေ့တန်းထားလို့ မရဘူး။ ကျနော်တို့ကတော့ ပဋိပက္ခ ဖြစ်လာမှာ စိုးရိမ်တယ်။ အဲဒါကြောင့် လိုက်သတိပေးနေရတယ်” ဟု စောစိပ်ပလောင်က ကေအိုင်စီသို့ ပြောသည်။

Photo: Social Media

ခိုက်ရန်ဖြစ်ပွားသည့် The One စားသောက်ဆိုင်ရှေ့၌ ယမန်နေ့ ညပိုင်းအတွင် ထိုင်းအမျိုးသားရေး လှုပ်ရှားသူများနှင့် ထိုင်းနိုင်ငံသားအများအပြား စုရုံးရောက်ရှိလာကြသလို အဆိုပါ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည့် ကျူးလွန်သူ မြန်မာနိုင်ငံသားကို ရှာဖွေမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

လက်ရှိ ထိုစားသောက်ဆိုင်အတွင်း ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်သည့် မြန်မာအလုပ်သမား (၆) ဦးကို စားသောက်ဆိုင်ပိုင်ရှင်ဘက်မှ အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းသတင်းများ၏ နောက်ဆုံးရေးသားချက်အရ ထိုင်းပါဆယ်ပို့သမားကို ထိုးကြိတ်၊ ရိုက်နှက်ခဲ့သော မြန်မာအလုပ်သမား ၆ ဦးသည် ထိုင်းရဲထံတွင် လာရောက်အဖမ်းခံပြီးဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသား အများအပြား ဝင်ရောက်နေထိုင်သည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံသား ၄ သန်းကျော်အထိ ရှိနိုင်ကြောင်း International Organization for Migration (IOM) Thailand ၏ ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။