Home သတင်း ခလယ်လွီထူခရိုင်တွင် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ကျင်းပ

ခလယ်လွီထူခရိုင်တွင် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ကျင်းပ

341
Photo: KNU

ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် နေရာ အနှံ့အပြားတွင် အာဏာသိမ်းစစ်တပ်က ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား ဆန့်ကျင်သည့် လူထုသပိတ်လှုပ်ရှားမှုများကို ခရိုင်၏ မြို့နယ် (၃)ခုတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်လူငယ်အစည်းအရုံး (KYO)၊ ဒေသခံလူထု၊ လူငယ်အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့များက ပူးပေါင်းလုပ်ဆောင်သည့် အဆိုပါ လူထုသပိတ်လှုပ်ရှားမှုအစီအစဉ်ကို လယ်ဒိုမြို့နယ်၊ မူးမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် လူထုအင်အား စုစုပေါင်း (၅၀၀) ခန့်ပါဝင်ခဲ့သည်ဟု ဦးဆောင်သူများက ထုတ်ပြန်ထားသည်။

“သမိုင်းတရားခံမဖြစ်ဖို့ရွေးကောက်ပွဲကို ဆန့်ကျင်စို့” “စစ်အာဏာရှင်ပြုလုပ်သော ရွေးကောက်ပွဲအလိုမရှိ” “စစ်ရာဇဝတ်သားဖြစ်နေသူရွေးကောက်ပွဲကိုလုပ်ခွင့်မရှိ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို နိုင်ငံရေးအာဏာ တရားဝင်စေရန် ထွက်ပေါက်တခုအဖြစ်အသုံးချကြိုးပမ်းမှုအဖြစ်သာ မြင်ကြပြီး ယင်းအတွက် ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း ဦးဆောင်သူများက ပြောသည်။

အလားတူ အာဏာသိမ်း စစ်အုပ်စု ကျင်းပရန် ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သပိတ်လှုပ်ရှားများကို ကေအဲန်ယူ အုပ်ချုပ်သည့် ခရိုင်/တပ်မဟာ အချို့တွင်လည်း ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်းခွဲပြီး ကျင်းပလျက်ရှိသည်။ အပိုင်း ၁ ကို ၂၀၂၅ ခုနှစစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး အပိုင်း ၂ ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် အပိုင်း ၃ ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။