နိုဝင်ဘာ ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ့်ကိုကင်းရွာသို့ နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းတွင် မြဝတီမြို့နယ်၊ မင်းလက်ပံ ဘက်မှ စစ်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ ကလေးနှစ်ဦးနှင့် လူကြီးတစ်ဦး ဒဏ်ရာရ သွားသည်။
စစ်တပ်က မြန်မာဘက်ခြမ်းမှ ပစ်ခတ်သည့် လက်နက်ကြီး ၅ လုံးသည် ထိုင်းနိုင်ငံ၊ မယ့်ကိုကင်းရွာထဲသို့ ကျရောက်ပြီး လူနေအိမ်တန်းလျား ထိခိုက်သည့်အပြင် အိမ်ငှားနေထိုင်သူများ ယခုလို ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
” မင်းလက်ပံနဲ့ မယ့်ကိုကင်းက ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ဘဲဆိုတော့ မင်းလက်ပံဘက်ရှိတဲ့ စစ်တပ်က ပစ်တဲ့လက်နက်ကြီးက မယ့်ကိုကင်းရွာထဲမှာ နေရာ ၅ နေရာ ကျတယ်။ ထိသွားတဲ့ ကလေးနှစ်ယောက်ကို ဆေးရုံ ပို့ရတယ်။ လူကြီးတစ်ယောက်က လက်ထိသွားတယ်”ဟု မယ့်ကိုကင်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ရှောင်အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အာဏာသိမ်း စစ်အုပ်စု ဒရုန်းတိုက်ခိုက်မှု၊ လေယာဉ်ပစ်ခတ်မှုကြောင့် သောင်ရင်းမြစ်အနီး စစ်ရှောင် စခန်းတွင် တိမ်းရှောင်နေသည့် စစ်ရှောင်များအနေဖြင့် နေ့အချိန်တွင်စစ်ရှောင်စခန်းတွင်နေပြီး ညအချိန်တွင် သောင်ရင်းမြစ် သောင်ပြင်အတွင်း သွားအိပ် တိမ်းရှောင်နေရသည်ဟု သိရသည်။
လက်ရှိ ၎င်းကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး အာဏာသိမ်း စစ်အုပ်စုက နှစ်နာရီ ခြားတစ်ခါခန့် လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေသည်ဟု စစ်ရှောင်စခန်း၌ နေထိုင်နေသူများက ပြောသည်။



















