နိုဝင်ဘာ ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှခွ-ခရုံဂူလမ်းပေါ်ရှိ စစ်ကောင်စီဂိတ်၌ အများပြည်သူများကို စစ်ဆေးပြီး ပါလာသည့် ထိုင်းဘတ်ငွေများကို သိမ်းယူနေသည်ဟု ခရီးသွားဒေသခံများက ပြောသည်။
အဆိုပါလမ်းပေါ်တွင် အာဏာသိမ်းစစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ် ၃ ခု ထက်မနည်းရှိကာ တရနာစံပြ ကျေးရွာရှိ စစ်ဆေးရေးဂိတ်၌ ခရီးသွား အများပြည်သူများကို အလွန်အမင် စစ်ဆေးပြီးနောက် ယူဆောင် လာသည့် ထိုင်းဘက်ငွေနှင့် ထိုင်းကုန်စည်များကို သိမ်းဆည်းခြင်း ဖြစ်သည်ဟု ခရီးသွားဒေသခံ တစ်ဦးက ယခုလို ပြောသည်။
“ ကျမ အဒေါ်တစ်ယောက်ဆိုရင် သူ မြဝတီနယ်စပ်ပြန်လာတော့ ပါလာတဲ့ ထိုင်းဘတ်ငွေ နည်းနည်းပါးပါးကို အဲဒီဂိတ်က တွေ့တော့ တရားမဝင်ဘူးဆိုပြီး အကုန်သိမ်းတယ်။ စစ်ဆေးတဲ့အခါ မြဝတီသွားမယ်လို့ပြောရင် ဘတ်ငွေပါမှာပေါ့နော်ဆိုပြီး ဘတ်ငွေပါရင် ထုတ်ခိုင်းတယ်။ စစ်ဆေးတဲ့ စစ်သားက စကားပြောတာလည်း တော်တော်ရိုင်းတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများကို မှတ်ပုံတင် စစ်ဆေးပြီး သက်တမ်းလဲရမည့် ကာလကျော်လွန်ခြင်းနှင့် မှတ်ပုံတင် ကဒ်ပြားဟောင်းနေပါကလည်း ဒဏ်ငွေ အဖြစ် ကျပ် တစ်သိန်းကျော်အထိ အမျိုးမျိုး သတ်မှတ် ဒဏ်ရိုက်နေသည်ဟု သိရသည်။
ထိုလမ်းပေါ်တွင် အာဏာသိမ်းစစ်အုပ်စုဂိတ်အပါအဝင် DKBA နှင့် BGF ဂိတ်များလည်းချထားရှိကာ ပြည်သူများ သယ်ဆောင်သည့် ပစ္စည်းများကို ငွေကြေးတောင်းယူခြင်း ပြုလုပ်နေသည်ဟု သိရသည်။



















