Home သတင်း နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးနောက် လောင်းလုံးတွင် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဖြစ်

နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးနောက် လောင်းလုံးတွင် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဖြစ်

979
Photo: LLPDF

ဒီဇင်ဘာ (၂၃) ရက်၊၂၀၂၅ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့်တော်လှန်ရေးတပ်များ နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးနောက် စစ်အုပ်စုက တိုက်ပွဲနီးရာ စခန်းကြီးရွာဘက်သို့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် လောင်းလုံးမြို့နယ် လက်သည်းရှည်တောင်သို့ ဝင်လာသည့် စစ်အုပ်စုစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်မှအထိနာသဖြင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်သတင်းအရင်းအမြစ်က ဆိုသည်။

“စစ်ကြောင်းက နိုဝင်ဘာလ(၁၀)ရက်နေ့ကတည်းက လောင်းလုံးတောင်ဘက်ခြမ်းကို ဆက်တိုက်တိုးလာတာ။ ဒီဇင်ဘာ(၁၅)ရက်နေ့မှာ တိုက်ပွဲစဖြစ်တယ်။ စကစ ဘက်ကအထိနာတော့ နောက်ရက်တွေမှာ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်တော့တာပဲ”ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။

ပစ်ခတ်မှုများကြောင့် ဒီဇင်ဘာ(၂၁)ရက်နေ့က စခန်းကြီးကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲရာ အသက်(၁၃)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ကျည်စထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဖော်ပြသည်။

ထို့အပြင် နောက်တစ်နေ့(ဒီဇင်ဘာလ ၂၂ ရက်နေ့) မနက်ပိုင်းတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ စခန်းကြီးကျေးရွာသို့ရောက်ရှိလာကာ ရွာတွင်ကျန်ရှိနေသည့် ရွာခံအချို့ကို ဖမ်းဆီးခဲ့ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါကျေးရွာအပါအဝင် စစ်ကြောင်းနှင့်နီးစပ်ရာရွာများ လုံခြုံရေးကြောင့် စစ်ဘေးရှောင်နေရကြောင်း လောင်းလုံးဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့နယ်နေ ဒေသခံတစ်ဦးက “အခုလက်ရှိကတော့ စကစတွေက လောင်းလုံး တောင်ဘက်ပိုင်းကနေ တောက်လျောက်စစ်ကြောင်းထိုးလာတဲ့အတွက် အဲဒီတစ်ဝိုက်က ရွာခံတွေအကုန်မြို့ပေါ်တတ်ရှောင်ရတာမျိုးရှိတယ်။ ခါတိုင်း ဘုန်းကြီးကျောင်းတွေမှာ သွားနေလို့ရပေမယ့် အခုနောက်ပိုင်း စကစ ကဘုန်းကြီးကျောင်းတွေမှာ တပ်စွဲတာမျိုးပိုလုပ်လာတာမို့လို့။”ဟု ကေအိုင်စီကို ပြောသည်။

လောင်းလုံးမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသည့် တပ်များမှာ အင်အား(၁၀၀)ဝန်းကျင်ရှိပြီး စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ(၄၀၆)၊ (၄၀၉)နှင့် ခြေလျင်တပ်ရင်း ခလရ(၂၆၇) တပ်ရင်း အစရှိသည့် တပ်ရင်း(၃)ရင်းပူးပေါင်းပါဝင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ကဆိုသည်။