ဒီဇင်ဘာ (၂၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကမ္ဘာ့ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဥ်(UNEP)က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) မူတြော်ခရိုင်ရှိ သံလွင်ငြိမ်းချမ်းရေးဥယျာဥ်ကို ဌာနေတိုင်းရင်းသားဒေသခံလူထုက ထိန်းသိမ်းစောင့်ရှောက်ထားသောနယ်မြေ(Global ICCA Registry)အဖြစ် ဒီဇင်ဘာ(၁)ရက်နေ့က မှတ်တမ်းတင်အသိအမှတ်ပြုလိုက်ကြောင်း ခြောက်ကြိမ်မြောက်ဥယျာဥ်အထွေအထွေညီလာခံ ထုတ်ပြန်ချက်မှ သိရသည်။
UNEP ၏ အသိအမှတ်ပြုမှုသည် ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သံလွင်ငြိမ်းချမ်းရေးဥယျာဥ်အတွင်းရှိ ဌာနေလူမျိုးစုများ၏ဦးစီးဆောင်ရွက်မှုကို အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ရာရောက်သည်ဟု ယမန်နေ့(ဒီဇင်ဘာ ၂၂ရက်နေ့)ကထွက်ရှိသည့် အဆိုပါထုတ်ပြန်ချက်ကဆိုသည်။
ဌာနေလူထုအနေဖြင့် ဘိုးဘွားပိုင်နယ်မြေများကို ထိန်းသိမ်းခွင့်ရသောသူများအဖြစ် အသိမှတ်ပြုခံရရေး နိုင်ငံတကာကွန်ရက်များနှင့်ပါ ချိတ်ဆက်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
သံလွင်ငြိမ်းချမ်းရေးဥယျာဥ်ကို ဒီဇင်ဘာလ ၂၀၁၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့ရာ ယခု ၂၀၂၅ ဒီဇင်ဘာတွင် (၇)နှစ်ပြည့်ခဲ့ပြီး ပြည်သူလူထုကိုဗဟိုပြုထားသည့် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသည့် အထွေထွေညီလာခံကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ(၁၇)မှ(၁၉)ရက်နေ့အထိ ခြောက်ကြိမ်မြောက်အဖြစ် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်တို့နှင့်တွေ့ဆုံညှိနှိုင်းမှုမှ နိုင်ငံရေးအဖြေရှာမရနိုင်သည့်အခြေအနေတွင် ဌာနေလူမျိုးစုများ၏ သဘာဝသယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကသာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့အကောင်အထည်ပေါ်စေမည်ဟု ဆိုသည်။
“ကျနော်တို့ရဲ့အခွင့်အရေးတွေကို နေပြည်တော်မှာတောင်းဆိုတာထက် ကျနော်တို့ရဲ့ဘိုးဘွားနယ်မြေဒေသအပေါ်မှာ ကျနော်တို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ကျင့်သုံးတာဖြစ်ပါတယ်” ဟု ဥယျာဥ်၏အုပ်ချုပ်ရေးကော်မတီဥက္ကဌ စောဖောလ်စိန်ထွားက ထုတ်ပြန်ချက်တွင်ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂက သံလွင်ငြိမ်းချမ်းရေးဥယျာဥ်အား မှတ်တမ်းတင်အသိအမှတ်ပြုခြင်းအပြင် ကေအဲန်ယူမှလည်း ငြိမ်းချမ်းရေးတည်ဆောက်ရန် ယန္တရားခိုင်မာမှု၊ ဌာနေလူမျိူးစုတို့၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အား လက်တွေ့ပုံဖော်မှုနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သည့် ဥယျာဥ်အဖြစ် ပံ့ပိုးသွားမည်ဟု ဒီဇင်ဘာ(၁၈)ရက်နေ့က တရားဝင်ကြေငြာခဲ့ကြောင်းလည်း သိရသည်။
ကေအဲန်ယူ မူတြော်ခရိုင်ရှိ ခေါင်းဆောင်များ၊ ဌာနလူမျိုးစုများ၏ဦးဆောင်လှုပ်ရှားမှုဖြင့် တည်ထောင်ခဲ့သည့် သံလွင်ငြိမ်းချမ်းရေးဥယျာဥ်အတွင်း ဌာနေလူဦးရေ ၁ သိန်းကျော်၏ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် နယ်မြေပေါင်း ၂၉၅ ခုရှိသည်။ ထို့အပြင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော(၆)ခု၊ သစ်တောကြိုးဝိုင်း(၉)ခု၊ ဘုံသစ်တော (၄၃)ခုရှိကြောင်း ဥယျာဥ်အုပ်ချုပ်ရေးကော်မတီက စာရင်းပြုစုထားသည်။
Global ICCA Registry ဆိုသည်မှာ ဌာနေလူမျိုးစုတို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ကမ္ဘာကပိုသိရန်၊ နယ်မြေပိုင်ဆိုင်ခွင့်နှင့်စီမံခန့်ခွဲမှုအားကောင်းရန်၊ နယ်မြေတွင်းရှိဇီဝမျိုးကွဲများကို ထိန်းသိမ်းရန်ရည်ရွယ်ပြီး ဌာနေလူမှုအဖွဲ့အစည်းများက ကိုယ်တိုင်ထိန်းသိမ်းထားသော နယ်မြေဧရိယာကို မှတ်တမ်းတင်ထားသည့် ကမ္ဘာလုံးဆိုင်ရာအွန်လိုင်းဒေတာစုစည်းမှုဖြစ်သည်။



















