ဒီဇင်ဘာ (၂၃)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရာမှနေရပ်ပြန်လာသူ ထီဖိုးစံကျေးရွာအုပ်စု၊ ကော့ဖန်ရပ်ရွာခံ (၈)ဦးအား စစ်အုပ်စုက ဒီဇင်ဘာ (၁၉) ရက်နေ့ကတည်းက ဖမ်းဆီးထားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ အဆက်အသွယ်ပြတ်နေကြောင်း နီးစပ်သူများထံမှသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ကော့ဖန်ရပ်ရွာမှ စစ်ဘေးရှောင်နေရသည့် (၈)လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး(၄)ဦး၊ အမျိုးသား(၄)ဦး စုစုပေါင်းဒေသခံ(၈)ဦးတို့မှာ ကော့ကရိတ်-ကျုံဒိုး ရွာချင်းဆက်လမ်းပိုင်းပေါ်ရှိ စစ်အုပ်စုနှင့် DKBA ဗိုလ်ဘိတပ်ပူးပေါင်းဂိတ်စခန်းတစ်ခုမှ ဖမ်းဆီးခံလိုက်ပြီးနောက် လေးရက်ကြာသည်အထိ အဆက်အသွယ်မရတော့ခြင်းဖြစ်သည်။
“ကျုံဒိုးကနေ နောင်ထပ္ပံ၊ ကော့စူးလမ်းပိုင်းမှာ စကစအဖွဲ့တွေ ဂိတ်ချတာရှိတယ်။ အဲဒီစစ်ရှောင်မိသားစုတွေက ကော့ဖန်ရပ်ကိုပြန်လာတာကို ဖမ်းခံရတာ။ ကျား(၄)ယောက်၊ မ(၄)ယောက်မှာ ရှစ်လသားကလေးငယ်တစ်ယောက်လည်းပါတယ်။ အခုထိ သူတို့သတင်းစုံစမ်းမရဘူး။” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ထီးဖိုးစံရွာခံက ပြောသည်။
ကျုံဒိုး-ကော့ကရိတ်နယ်မြေရှိ ကျေးရွာများတွင် ယခင်ကလည်း စစ်အုပ်စုပူးပေါင်းတပ်များမှ ဒေသခံများကို မကြာခဏဖမ်းဆီးချုပ်နှောင်မှုရှိခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာမှ ယခု ဒီဇင်ဘာလလည်အထိ ဖမ်းဆီးခံရဖူးသူ ဒေသခံ(၅၀)ဦးထက်မနည်းရှိကြောင်း စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် သတင်းအရင်းအမြစ်တချို့က ဆိုထားပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်။
တဖက်စစ်ရေးအခြေအနေအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်သတင်းအရင်းအမြစ်၏ပြောပြချက်အရ ၎င်းတို့မဟာမိတ်တပ်များ စစ်ရေးလှုပ်ရှားသည့် နောင်ကိုင်း၊ မိဖာလဲ အစရှိသည့်ရွာတို့မှလွန်၍ ကော့ကရိတ်-မြဝတီဒေါနတောင်လမ်းဟောင်းဘက်သို့ စစ်အုပ်စုဖြန့်ကျက်တိုက်ခိုက်နေသည်မှာ (၃)လနီးပါးရှိလာနေပြီဖြစ်ကြောင်း သိရသည်။

“ရန်သူက အင်းကြီး၊ ချောင်းဖျားကနေတိုးလာတာ အခုကတော့ ကော့ဖန်ရပ်လောက်မှာတန့်နေတယ်။ အဲဒီကနေ နောင်ကိုင်းဘက် လာလိုက်၊ ပြန်ဆုတ်လိုက်ပဲ။ ကော့ကရိတ်ဘက်ကနေလည်း ရန်ကုတ်၊ ကောင်းမှုဘက်ကိုတိုးပေမယ့် မရသေးဘူး။ သေတာလည်းတော်တော်သေကြတယ်” ဟု ကော့ကရိတ်ရှိ KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လတ်တလောအထိ ကော့ကရိတ်မြောက်ပိုင်း၊ တောင်ပိုင်းကျေးရွာအချို့တို့တွင် ရွေးကောက်ပွဲနှင့်ဆက်စပ်၍ စစ်အုပ်စုက ဒေသခံများသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်ထားသလို တော်လှန်ရေးအင်အားစုလှုပ်ရှားနေရာများသို့ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများ နေ့စဥ်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
ကော့ကရိတ်နယ်မြေပဋိပက္ခများအတွင်း ပြီးခဲ့သည့် အောက်တိုဘာလပိုင်းက နန်းကော်တေးရွာခံအချို့ စစ်အုပ်စုနှင့်ဗိုလ်ဘိတပ်ဖွဲ့များ၏ မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့် ရိုက်နှက်ခြိမ်းခြောက်ခြင်းခံခဲ့ရကြောင်းလည်း တော်လှန်ရေးအင်အားစုတို့နှင့်ဒေသခံများက ပြောဆိုခဲ့ဖူးသည်။



















