ဒီဇင်ဘာ (၂၇) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူးကျေးရွာအုပ်စုဘက်တွင် ခရစ်စမတ်နေ့ ဒီဇင်ဘာ (၂၅) ရက်နေ့မနက်ပိုင်းမှစ၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် ကြားဖြတ်တိုက်ခိုက်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်စစ်ကြောင်းများ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ပူးပေါင်းတပ်သတင်းအရင်းအမြစ်မှ သိရသည်။
ဖလူးကြီး၊ဖလူးလေးနှင့် မင်းလက်ပံကျေးရွာလမ်းပိုင်းများအား ထိန်းချုပ်နိုင်ရန် လက်နက်ကြီးနှင့်အသေခံ(ကာမီကာဇေ)ဒရုန်းများ ပစ်ခတ်တိုက်ခိုက်ပြီး စစ်အုပ်စုကထိုးစစ်ဆင်လာသောကြောင့် မဟာမိတ်တပ်မှဖြတ်တောက်တိုက်ခိုက်ရာ ယနေ့(ဒီဇင်ဘာ ၂၇ ရက်)အထိ တိုက်ပွဲဆက်ပြင်းထန်နေသည်ဟု KNLA မဟာမိတ် ၃၂ ဗျူဟာမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ခရစ်စမတ်နေ့မနက်ကတည်းက ဖလူးလေးဘုရားကုန်းဘက်ကို လက်နက်ကြီးလည်းပစ်၊ ကာမီကာဇေဒရုန်းလည်းချပြီးတက်လာတာ။ ဒီဘက်ကဖြတ်တိုက်တော့ မြေပြင်ကတက်လာတဲ့စစ်သားတွေကျတယ်၊ ပြန်ဆုတ်တယ်။ အခုမနက်ပိုင်းအထိ သူတို့နဲ့ပစ်နေရတုန်းပဲ။ ကာမီကာဇေတွေလွှတ်တာ တော်တော်များလာတယ်။” ဟု ၎င်းက ယနေ့ကေအိုင်စီကို ပြောသည်။
တိုက်ပွဲကြောင့် ခရစ်ယာန်ဘာသာဝင်တို့အထွဋ်အမြတ်ထားရာ ခရစ်စမတ်ပွဲတော်အတွင်း ပျော်ပွဲရွှင်ပွဲလုပ်ရန်ပြင်ဆင်နေသည့် ပလော့တပို့စစ်ဘေးရှောင်စခန်းမှ ကလေးငယ်များအပါအဝင် စစ်ဘေးရှောင်များ လက်နက်ကြီးနှင့်ဒရုန်းရန် ကင်းလွတ်သည့်နေရာများသို့ ပြောင်းရွှေ့ခိုလှုံနေရကြောင်းလည်း စစ်ရှောင်ဖလူးရွာခံများထံမှ သိရသည်။

“ဖြစ်တဲ့နေ့က စခန်းမှာခရစ်စမတ်လုပ်ကြတာ။ ပစ်သံတွေဆူညံနေတော့ ကျည်ကွယ်မျက်ကွယ် ကလေးတွေကိုရွှေ့ရတယ်။ ဖလူးကြီး၊ မင်းလက်ပံဘက်ကနေ လက်နက်ကြီးပစ်ထုတ်တာ ကြောက်ကြောက်နဲ့စစ်ရှောင်နေရတယ်။ တချို့လည်း သေ့ဘောဘိုးဘက်ပြောင်းနေကြတယ်” ဟု ပလောတပို့ရောက်နေသည့် ဖလူးဒေသခံကဆိုသည်။
စစ်အုပ်စုက မြေပြင်နှင့်လေကြောင်းပစ်ကူယူ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်တိုက်ပွဲအတွင်း KNLA မဟာမိတ်တပ်ဘက်သို့ လက်နက်နှင့်တကွပြောင်းရွှေ့ခိုလှုံလာသူ စစ်အုပ်စုတပ်ဖွဲ့ဝင်တချို့ရှိကြောင်းလည်း ၃၂ ဗျူဟာတာဝန်ရှိသူတို့က ပြောသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ(၁၉)ရက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့က ဖလူးလေးရွာထိပ်ပိုင်း၌ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးတုံ့ပြန်ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။ ယင်းကြောင့် နှစ်သစ်ကူးပွဲတော် လုံခြုံကောင်းမွန်စွာကျင်းပနိုင်ခဲ့ခြင်းမရှိသလို ဖလူးနှင့်မင်းလက်ပံရွာတွင် ကျန်ရှိနေသူအချို့လည်း အသေခံဒရုန်းထိမှန်၍ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့၏ပြောပြချက်အရ သိရသည်။



















