ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နှစ်ပေါင်းများစွာ ကွဲကွာနေသည့် ကရင်လက်နက်ကိုင်များကို ပြန်စုစည်းနိုင်ရန် ရည်မှန်းချက်ရှိသည်ဟု စစ်ဦးစီး ချုပ်တာဝန်အသစ်ခန့်အပ်ခံလိုက်ရသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA ခေါင်း ဆောင်အသစ် က ပြောသည်။
ဒီဇင်ဘာလ ၂၁ရက်နေ့ကနေ ၂၄ ရက်နေ့အထိပြုလုပ်ခဲ့သည့် DKBA၏ (၁၉) ကြိမ်မြောက် နှစ်ကုန် တပ်မှူး စုံညီအစည်းအဝေး၌ DKBA ၏ ထိပ်ပိုင်းခေါင်းဆောင်များကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ယခင် ဒု-စစ်ဦးစီး ချုပ်မှ အခု စစ်ဦးစီးချုပ်တာဝန်အသစ်ခန့်အပ်ခံလိုက်ရသည့် ဗိုလ်ချုပ်ကြီး စောရွှေဝ က ယခုလိုပြောသည်။
“ကရင်အချင်းချင်း မပစ်ဖို့ကျနော် ကတိပေးနိုင်တယ်။ ကြည့်မယ်ဆိုရင် ကရင်တွေကြားမှာ အကြမ်းဖက်ကြ တာ မရှိတော့ပါဘူး။ အမြဲတမ်း ကျနော့်စိတ်ထဲမှာက တကယ်လို့ ကျနော်သာတက်ပြီးဆိုရင် သားသမီး နဲ့ မိဘ လိုမျိုး မိခင်အဖွဲ့ အစည်းနဲ့ ခွဲထွက်သွားတဲ့ အဖွဲ့အစည်းတွေကို ပြန်လည်စုစည်းဖို့ ခံယူထားပါတယ်။ နောက် ကျရင် အဖွဲ့ တွင်း ပိုပြီးတော့မှ စည်းစနစ်တင်းကြပ်ပြီး လက်တွဲ လုပ်ဆောင်ဖို့ ဆိုလိုတာက ကရင်တွေက အနေဝေးကွဲ ကွာနေ ကြတော့ ကျနော်က ပြန်စုစည်းချင်တဲ့ ရည်မှန်းချက်ရှိတယ်။ ဒါပေမဲ့ ကျနော်လက် အောက်မှာရှိတဲ့ သူတွေနဲ့ အကြေအလည် ပြန်တိုင်ပင်ဆွေးနွေးပြီးရင်တော့ အတူ ပြန်လက်တွဲလုပ်ဆောင်ဖို့ ရည်မှန်း ချက်ရှိပါ တယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။
၁၉၉၄ ခုနှစ်ကတည်းက DKBA အမည်ဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်ခဲ့ပြီးနောက် ယခင် နအဖ စစ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကေအဲန်ယူကို ဆယ်စုနှစ် တစ်ခုကျော်ကြာ ပြန်လည် တိုက် ခိုက်ရာတွင် ပါဝင်ခဲ့ဖူးသည်။
DKBA၏ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်မှုမှာ ယခင် စစ်ဦးစီးချုပ်တာဝန် ယူထားသည့် ဗိုလ်ချုပ် ကြီး စောစတီးကို ဗဟိုအကြံပေးအဖွဲ့၏ ဦးဆောင်နာယကကြီးအနေဖြင့် ပြန်လည်တာဝန်ယူပြီး ၎င်းနေရာတွင် ဗိုလ်ချုပ်ကြီး စောရွှေဝကို ပြန်လည်တာဝန်ပေးအပ်ခဲ့သည်။
အသစ်တက်လာသည့် DKBA စစ်ဦးစီးချုပ်သစ် စောရွှေဝကိုလည်း မိခင်ကေအဲန်ယူ အစည်းအရုံးနှင့် ကောင်းမွန် သည့် ဆက်ဆံရေး ရှိသူတစ်ဦးအနေဖြင့် အများက ရှုမြင်ခံထားရသူ တစ်ဦးလည်းဖြစ်သည်။

ထို့အပြင် ၎င်းနေရာတွင် လစ်လပ်သွားသည့် ဒုစစ်ဦးစီးချုပ်တာဝန်ကို DKBA ၏အမှတ် (၂)စစ်ကွပ်ကဲရေးမှူး တာဝန် ယူထားသူ ဗိုလ်မှူးချုပ် စောဘငြိမ်းအောင်ကို တာဝန်ပေးအပ်ခဲ့သည်။ အွန်လိုင်းငွေလိမ် လုပ်ငန်းကြောင့် အမေရိကန်၏ အမည်ပျက်စားရင်းမှာပါဝင်သည့် ဗိုလ်မှူးချုပ် စိုင်းကျော်လှကိုမူ ဗဟိုစီးပွားရေးကော်မတီ ဥက္ကဌ တာဝန်ပေးအပ်ခဲ့သည်ဟု DKBA က ထုတ်ပြန်ထားသည်။
၂၀၁၀ က စစ်တပ်၏ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို လက်မခံဘဲ သီးသန့်ရပ်တည်လိုသည့် DKBA တပ်ဖွဲ့ဝင်အချို့သည် တိုးတက်သောဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA)အမည်ကနေ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) အနေဖြင့် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး စစ်တပ်ကို ပြန်လည် တိုက်ခိုက်ဖူးသည်။
ထိုမှတဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်လာပြီးနောက် ကေအဲန်ယူ၏ နိုင်ငံရေး ဦးဆောင် မှုဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
ကရင်လက်နက်ကိုင်ညီညွတ်ရေးအတွက် ပြောဆိုနေသော်လည်း မိခင်အစည်းအရုံးကနေ ခွဲထွက်ခဲ့သည့်နေ့ကို DKBA တပ်ဖွဲ့၏ ဖွဲ့စည်းတည်ထောင်ခြင်းနေ့အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် DKBA၏ ၃၁ နှစ်ပြည့် အခမ်း အနားကို ၎င်းတို့ ဌာနချုပ် ရှိရာ ဆုံဆည်းမြိုင်၌ တခမ်းတနားပြုလုပ်ခဲ့သည်။
အလားတူ လက်ရှိတွင်လည်း ကြာအင်းပေါ်တော်မူ ဆရာတော်၏ လမ်းညွှန်မှုဖြင့် ဗိုလ်ဘိ ဦးဆောင်သည့် ယခင် တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော်-DKBA တပ်ဖွဲ့လည်းရှိနေသေးပြီး လက်ရှိ စစ်တပ်နှင့် ပူးပေါင်းကာ ကေအဲန်ယူကို တိုက်ခိုက်နေသည့် အဖွဲ့လည်းဖြစ်သည်။



















