Home သတင်း စစ်အုပ်စုဖမ်းဆီးခံရမှုမှ ပြန်လွတ်လာသူ စိတ်ဝေဒနာသည်အမျိုးသမီး ကိုယ်ဝန်သုံးလကျော်လွယ်ထားရဟုဆို

စစ်အုပ်စုဖမ်းဆီးခံရမှုမှ ပြန်လွတ်လာသူ စိတ်ဝေဒနာသည်အမျိုးသမီး ကိုယ်ဝန်သုံးလကျော်လွယ်ထားရဟုဆို

1376
Photo: Crd.

ဒီဇင်ဘာ (၂၅) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စု၏ ဖမ်းဆီးအဓမ္မပြုကျင့်ခံရသူ နောင်တပွဲရွာနေ စိတ်ဝေဒနာသည် အမျိုးသမီးမှာ ပြန်လည်လွတ်မြောက်လာပြီးနောက် ကိုယ်ဝန် ၁၃ ပတ် (သုံးလကျော်) လွယ်ထားရသည်ဟု သူမကိုကျန်းမာရေးစောင့်ရှောက်ပေးနေသည့် သတင်းအရင်းအမြစ်က ဆိုသည်။

ပြီးခဲ့သည့်စက်တင်ဘာလကတည်းက စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆ ပါဝင်သည့် စစ်ကြောင်းမှာ အင်းကြီးရွာမှ လန်းခိုဘိုင်း၊ နောင်ထပ္ပံ၊ မြပတိုင်ရွာဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ နော်မူးကြိုင်ကြိုင်အမည်ရှိ အသက် (၂၇) နှစ်အရွယ် စိတ်မကျန်းမာသူအမျိုးသမီးအား စစ်အုပ်စုက ထိုစဥ်ကတည်းက သူမ ပြန်မလွတ်ခင် နိုဝင်ဘာလ(၂၃)ရက်နေ့အထိ ဖမ်းဆီးအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ၏နယ်မြေဆေးတပ်ဖွဲ့ထံမှ သိရသည်။

“မြပတိုင်ဘက်ကနေ ထီဖိုးစံဘက်ကိုလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲ ဖြစ်နေတဲ့ရက်မှာ သူရွာကပျောက်နေတာ။ နိုဝင်ဘာ(၂၃)ရက်နေ့ကျတော့ စစ်တပ်ရှိနေတဲ့ဘက်ကနေ ပြန်လွတ်လာတယ်။ အခုလက်ရှိ သူ့ကိုယ်ဝန်ကအခု(၁၃)ပတ်။ သိတာနည်းနည်းနောက်ကျသွားတယ်။ အခုမွေးဖွားဖို့ပဲဆက်စောင့်ရှောက်ရမယ်။” သူမကိုအနီးကပ်ကျန်းမာရေးစောင့်ရှောက်နေသူက ပြောသည်။

အဓမ္မပြုကျင့်မှုကျူးလွန်ခံရသူမှာ လက်ရှိကိုယ်ဝန်ဆောင်ထားရသည့်အချိန်တွင်လည်း စိတ်ကျန်းမာရေးဆိုးရွားလာသည့်အပြုအမှုမျိုး မကြာခဏဖြစ်ပေါ်လေ့ရှိသဖြင့် နေအိမ်မှတခြားနေရာသို့ မသွားလာစေရန် မျက်ခြေမပြတ် ထိန်းသိမ်းစောင့်ရှောက်ထားရကြောင်း မိသားစုဝင်များနှင့်ကျန်းမာရေးအဖွဲ့မှ သိရသည်။

ကော့ကရိတ်မြောက်ပိုင်း တိုက်ပွဲကာလများအတွင်း ကျူးလွန်ခံရသူပျောက်ဆုံးနေပြီးမှ ပြန်ရောက်လာသည့်အချိန်တွင်လည်း မိသားစုနှင့်ရပ်ရွာတာဝန်ရှိသူများက သူမအား အကြောင်းအရင်းမေးမြန်းခဲ့ရာ စစ်အုပ်စုနှင့်အတူရှိနေခဲ့ကြောင်း ဖြေဆိုသည်ဟု ဆိုသည်။

“သူက ငယ်ငယ်ထဲကစိတ်ကျန်းမာရေးချို့တဲ့တယ်။ သူ့အဖေဆုံးတာကိုစိတ်စွဲပြီးလျှောက်ရှာတာမျိုး ရွာတွေမှာလိုက်သွားနေတာ။ သူကို့ပြန်မေးတော့လည်း စစ်တပ်နဲ့နေခဲ့ရတယ်၊ စစ်တပ်ကသူ့ကို အဲဒီလို လုပ်တယ်လို့ပြောတယ်။ တစ်ခါတစ်ခါဆိုလည်း စိတ်ဖောက်ပြန်တာမျိုးရှိနေတော့ အခုအကုန်လုံးက သူ့ကိုစောင့်ကြည့်ပေးနေရတယ် “ဟု မိသားစုနှင့်နီးစပ်သူက ကေအိုင်စီကိုပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်တောင်ပိုင်းနှင့်မြောက်ပိုင်းသို့ ပြန်လည်စိုးမိုးနိုင်ရန် စစ်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကျေးရွာများရှိအရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ရှိခဲ့ကြောင်း ဒေသတွင်းနှင့်တော်လှန်ရေးသတင်းအရင်းအမြစ်များမှ ပြောဆိုထားသည်။

ယနေ့အထိ အဆိုပါတိုက်ပွဲမငြိမ်မသက်မှုနှင့်ပဋိပက္ခများ ဆက်လက်ပြင်းထန်နေသလို စစ်အုပ်စုပစ်ခတ်သည့်လက်နက်ကြီးနှင့်ဒရုန်းများကြောင့် ထိခိုက်သေဆုံးမှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။