ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တရားမျှတမှုမရှိသည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားများအားလုံး အတူအကွ ဆန့်ကျင်ကြရန် ဥရောပသမဂ္ဂ ကရင်ကွန်ရက်ပါဝင်သော ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် နိုင်ငံတကာကရင်လူမှုအဖွဲ့ (၂၅) ဖွဲ့က ယမန်နေ့ (ဒီဇင်ဘာလ ၁) ရက်နေ့ထုတ်ပြန်ချက်တွင် တိုက်တွန်းသည်။
ရွေးကောက်ပွဲသည် စစ်အုပ်စုကို ရာဇဝတ်မှုဆက်လက်ကျူးလွန်ရေး အာဏာပေးလိုက်ရာရောက်သလို တိုင်းရင်းသားပြည်သူများ၏ ဆန္ဒမပါဝင်သည့်ပွဲ ဖြစ်သောကြောင့် နိုင်ငံတကာအနေဖြင့်လည်း လက်မခံရန်လိုအပ်ကြောင်း နိုင်ငံတကာကရင်လူမှုအဖွဲ့များက ထုတ်ပြန်ပြောဆိုသည်။
“ရွေးကောက်ပွဲရလဒ်က တိုင်းရင်းသားပြည်သူတွေအတွက် ကောင်းကျိုးဖြစ်မှာမဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့ ဆန္ဒမဲ ပါတာမှ မဟုတ်တာ။ သူတို့(စစ်အုပ်စု)သာ တရားဝင် အသိအမှတ်ပြုခံရမယ်ဆိုရင် တာဝန်ယူ၊တာဝန်ခံမှုတွေကို ပေါ့လျော့လာအောင် လုပ်မှာ။ ရာဇဝတ်မှုတွေကို အရေးယူဖို့ တိုက်တွန်းနေချိန်မှာ ကျူးလွန်သူကို တရားဝင် အသိအမှတ်ပြုလို့ မဖြစ်ဘူး။ အဲဒါကို နိုင်ငံတကာက မလုပ်နိုင်အောင် ကျမတို့ ပြောပြနေတာ” ဟု ထုတ်ပြန်ချက်ပါ ပြောခွင့်ရ နော်ထူးထူးက ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများတွင်လည်း စစ်အုပ်စုက အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ နေ့စဥ်လုပ်ဆောင်နေသည်။ ထို့ကြောင့် အရပ်သား သေဆုံး ထိခိုက်မှုများအပြင် နေအိမ်၊ ကျောင်း၊ ဆေးရုံနှင့် ဘာသာရေး အဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်မြင်တွေ့ရှိပါလျက် တချို့သော ကရင်လက်နက်ကိုင်အဖွဲ့၊ ကရင်ပါတီနှင့် ကရင်လူမျိုးများက အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံနေခြင်းမှာ စိတ်ပျက်ဖွယ်ဖြစ်သည်ဟုလည်း နိုင်ငံတကာကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဆိုထားသည်။
နော်ထူးထူးက “ ဒီအတုအယောင် ရွေးကောက်ပွဲကနေ စစ်တပ်က သူတို့ရဲ့ တရားဝင်မှုကို လိုချင်တာလေ။ အတင်း လိုက်လုပ်ယူတဲ့ အတုအယောင် ဖြစ်တယ်။ ဒါကြောင့် ဒီအတုအယောင်ရွေးကောက်ပွဲကို ပါဝင်တဲ့ တသီးပုဂ္ဂလ ကရင်ခေါင်းဆောင်ပဲဖြစ် ကရင်ပါတီပဲဖြစ်ဖြစ် ကျမတို့ ရှုတ်ချတယ်” ဟု ဖြည့်စွက်ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး ပဋိပက္ခများကို ရွေးကောက်ပွဲဖြင့် ဖြေရှင်းပေးနိုင်မည်မဟုတ်သလို လူထုဆန္ဒမပါဘဲ အတင်းအကြပ်လုပ်ယူနေသောကြောင့် ၎င်းတို့အနေဖြင့် လုံးဝလက်မခံကြောင်း အဖွဲ့များက ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံတကာ သံတမန်များအနေဖြင့်လည်း ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အာဏာသိမ်း စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို အသိ အမှတ်မပြုရေးအပြင် ကန့်ကွက်ရှုတ်ချကြောင်းပါ သဘောထားအခိုင်အမာ ပြသပေးရန် တစ်ဆက်တည်းတောင်းဆိုသွားသည်။
နိုင်ငံတကာကရင်လူမှုအဖွဲ့(၂၅)ဖွဲ့တွင် ဥရောပသမဂ္ဂကရင်ကွန်ရက်အပြင် ဩစတြေးလျားကရင်အဖွဲ့အစည်း၊ နော်ဝေ၊ ယူကေ၊ ကနေဒါ၊ ဆွီဒင်၊ နယူးဇီလန် မှ ကရင်လူမှုအသင်းအဖွဲ့များ၊ အမေရိကန်ကရင်အဖွဲ့အစည်းတို့ လည်း ပါဝင်သည်။
ထို့အတူ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့-BPHWT၊ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း-BMA၊ မယ်တော်ဆေးခန်းကဲ့သို့ ကျန်းမာရေးအဖွဲ့များ နှင့် ကရင်ဆရာ၊ ဆရာမများ အလုပ်အဖွဲ့-KTWG စသည့် ပညာရေးအဖွဲ့များနှင့် အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားကြသည့် ကရင်အရပ်ဖက်အဖွဲ့များလည်း ပူးပေါင်းပါဝင်ထားသည်။


















