Home သတင်း သထုံခရိုင်တွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

သထုံခရိုင်တွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

524

နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ)ခရိုင်၊ သထုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့အတွင်း လေကြောင်း နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟိုက ယမန်နေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) သတင်း ထုတ်ပြန်သည်။

နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် သထုံမြို့နယ်ရှိ ရေဝေရွာ၊ နောင်ကတုတ်အထက်ရွာ၊ ကော့လှိုင်းရွာ၊ ဝင်ဖုန်း တောင်ခြေ၊ မိချောင်းအိုင်ရွာ၊ ရွှေကြည်ရွာနှင့် ရေတွင်းဖြူရွာသို့ စစ်တပ်က Mi-17 ထောက်ပို့လေယာဥ်ဖြင့် ၈၁ မမ လက်နက်ကြီး ၃၈ လုံး ကြဲချမှုအတွင်း ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ခင်း ပိုင်းတွင်လည်း စစ်တပ်၏ အမြောက်တပ် (အမတ- ၃၁၄) တပ်ရင်း၊ ခြေမြန်တပ်ရင်း (ခမရ – ၉) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး ၂လုံး၊ ၆၀ မမ လက်နက်ကြီး ၅လုံး ပစ်ခတ် တိုက်ခိုက်မှုကြောင့် ချောင်းစောင့်ရွာအတွင်းသို့ ကျ‌ရောက်ပေါက်ကွဲ၍ အရပ်သား နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသည်ဟု ဖော်ပြထားသည်။

၎င်းအပြင် ထိုနေ့၊ နေ့ခင်းပိုင်းအချိန်တွင်လည်း ၎င်းစစ်အုပ်စုတပ်များမှ (၆၀)မမ လက်နက်ကြီးအပြင် ဒရုန်းဖြင့် ထပ်မံပစ်ခတ်မှုကြောင့် ရွှေရောင်ပြ ကျေးရွာအုပ်စုအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွှေရောင်ပြရွာမှ စောအေးမောင် နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်းဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ (၃ ) ရက်နေ့ကလည်း တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် အတွင်းရှိ စစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ-၄၃၉) မှ သင်္ဘောကျွန်းကျေးရွာ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်မှုကြောင့် အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူ ထိန်းချုပ်သည့် နယ်မြေများတွင် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဗုံးကြဲ တိုက်ခိုက်မှုများကို အလျင်းသင့်သလို လုပ်ဆောင်သောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု မကြာခဏ ဖြစ်ပွားလျက် ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။