Home သတင်း တစ်လအတွင်း စစ်သုံ့ပန်း၊ ဘက်ပြောင်းလာသူ နှင့် လက်နက်ချသူ စုစုပေါင်း ၁၂၅ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထုတ်ပြန်

တစ်လအတွင်း စစ်သုံ့ပန်း၊ ဘက်ပြောင်းလာသူ နှင့် လက်နက်ချသူ စုစုပေါင်း ၁၂၅ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထုတ်ပြန်

345
Photo: Credit to Original Uploader

နိုဝင်ဘာ ၁၀ ရက်၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် အောက်တိုဘာတစ်လအတွင်း စစ်အုပ်စုတပ်သား၊ ရဲနှင့် ပြည်သူ့စစ်များလက် နက်ချသူနှင့် ဘက်ပြောင်းခိုလှုံလာသူ စုစုပေါင်း ၁၂၅ ဦး ရှိကြသည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က နိုဝင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ့ပန်းတိုင်ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်း ပြည် နယ်၊ ရှမ်းပြည်နယ် ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း တို့မှ ဘက်ပြောင်းခိုလှုံလာသူ စုစုပေါင်း ၄၅ ဦးရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်သုံ့ပန်းအနေဖြင့် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ စစ်အုပ်စုတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် စုစုပေါင်း ၈၀ ဦးကိုလည်း ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထားဝယ်ခရိုင် တပ်ပေါင်းစုအဖွဲ့မှ ပြောခွင့်ရသူ ရဲဘော်ရှဲဒိုးက “အခုလိုဘက်ပြောင်းခိုလှုံလာတာကိုကျနော် တို့အနေနဲ့က အမြဲနွေးထွေးစွာကြိုဆိုနေပါတယ်။ ဒါကကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ကျနော်တို့နဲ့အတူလည်း စစ်အာဏာရှင်ကို အတူ တကွတိုက်ထုတ်လို့ရတယ်။ ဒါမှမဟုတ် လွတ်မြောက်တဲ့နေရာတွေကိုလည်း တာဝန် ယူမှုတာဝန်ခံမှု ရှိရှိနဲ့ပို့ဆောင်ပေးနေတာတွေရှိပါတယ်။”ဟု ပြောသည်။

ထို့အပြင် ဘက်ပြောင်းခိုလှုံလာသူအများစုမှာ စစ်အုပ်စုတပ်မှ အတင်း အဓမ္မစစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရသူအများစုဖြစ်ကြကြောင်း၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအပါအဝင် ဘက်ပြောင်းခိုလှုံလာသူစုစုပေါင်း ၁၂၅ ဦးတွင် စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရသူ ၅၈ ဦးပါဝင်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့က ပြုစုထားသည့် စာရင်းအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ အလင်းဝင်လာသူ၊ လက်နက်ချသူ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၂၄၆ ဦးအထိ ရှိနေပြီးဖြစ်သည်ဟု ဖော်ပြထားသည်။