နိုဝင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုလဆန်းပိုင်းအတွင်း မုန်တိုင်းအရှိန်နှင့်အတူ အခါလွန်မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် လယ်ယာစိုက်ခင်းများတွင် ရေများဝပ်ကာ စိုက်ပျိုးသီးနှံနှင့် ရိတ်သိမ်းသီးနှံများ ရေမြှုပ်ပျက်စီးမှုများ ဖြစ်နေကြောင်း လယ်သမားများက ပြောသည်။
လာအိုနိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်သွားသည့် “ခန့်မေဂီ” (KALMAEGI) အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ယခုလို အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မိုးကြောင့် ယခင်လများက စိုက်ပျိုးထားသည့် ပဲနှင့် ပြောင်းဖူးစိုက်ခင်းများ ရေဝပ်သေဆုံးမှုများ ဖြစ်ပြီး မရိတ်သိမ်းရသေးသည့် မိုးစပါးများ ရေမြှုပ်ပျက်စီးခဲ့သည်ဟု ပန်းတနော်မြို့နယ်မှ လယ်သမား မန်းဝင်းအောင်က ပြောသည်။
၎င်းက “ဒီမှာ ရိတ်ချွေစက်နဲ့ စိုက်တဲ့ ပဲတွေ ပိုထိတာပေါ့။ သူက မြောင်းဖော်စိုက်တာဆိုတော့ ရေဝပ်တယ်။ အနိမ့်ပိုင်းက လူတွေ ပိုခံရတယ်။ ပြောင်းစိုက်တဲ့သူတွေက ပိုဆိုးတာပေါ့။ CB ပြောင်းစိုက်တဲ့သူတွေက သူက အဖို၊ အမ စိုက်ရတာမျိုးဆိုတော့ အတော်လေးပျက်ကုန်တယ်။ စိုက်ထားတဲ့သူတိုင်း အကုန်ပျက်ကုန်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပန်းတနော်မြို့နယ်တွင် ယခင်က လယ်ယာစပါးအပြင် ကိုင်းငရုပ်သီးကို အဓိကထား စိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်းတွင် ကုန်ကျစရိတ် သက်သာပြီး သက်တောင့်သက်သာရှိစေသည့် ပဲနှင့် ပြောင်းကို ပိုမိုပြောင်းလဲ စိုက်ပျိုးလာကြသည်ဟုလည်း အဆိုပါ လယ်သမားက ဆက်ပြောသည်။

ယခုလို စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာခြင်းကြောင့် လယ်သမားများအနေဖြင့် အစားထိုး ပြန်လည်စိုက်ပျိုးရန် နောက်ထပ်ကုန်ကျမှုများ ထပ်ရှိလာသည့်အပေါ် အခက်အခဲရှိနေသလို ယနေ့အချိန်ထိ ရာသီဥတု ပုံမှန်မဖြစ်သေးသောကြောင့် ထပ်မံစိုက်ပျိုးရန် ဝန်လေးကြသည်ဟုလည်း သိရသည်။
“အဲ့ဒီ CB ပြောင်းတွေက ပြန်စိုက်ရင်တော့ မလွယ်ဘူး။ မျိုးစေ့က တအားစျေးကြီးတာ။ မျိုးစေ့က ကုမ္ပဏီက ထုတ်ပေးတာ။ သူတို့က မျိုးစေ့ကို တအားအဓိကထားတယ်။ အပိုအသာပေးတာမျိုးတောင် မရှိဘူး” ဟု လယ်သမား မန်းဝင်းအောင်က ပြောသည်။
မိုးရေကြောင့် စိုက်ပျိုးသီးနှံများ ရေဝပ်ပျက်စီးသကဲ့သို့ ယခုလများအတွင်း ရိတ်သိမ်းရန် ကျန်ရှိသေးသော မိုးစပါးများလည်း ရေဝပ်ပြီး အပင်လှဲကာ ရေမြှုပ်သွားသဖြင့် ရိတ်သိမ်းရာတွင် အခက်အခဲများ ကြုံနေရသည်။ ၎င်းအပြင် နေ့စားကောက်ရိတ်သမားများလည်း ကောက်မရိတ်နိုင်သဖြင့် ဝင်ငွေမရှိသော အခက်အခဲများကို ကြုံတွေ့နေရသည်ဟု အိမ်မဲနှင့် မြောင်းမြမြို့နယ်က လယ်သမားများထံမှ သိရသည်။

“ကောက်ရိတ်မယ့် နေ့ကောက်အလုပ်သမားတွေလည်း စပါးမရိတ်ရလို့ ဝင်ငွေမရှိဖြစ်နေကြတယ်။ အခုထိ မိုးသားတွေ တက်နေတယ်။ မိုးရွာမယ့်အနေအထားပဲ” ဟု မြောင်းမြမြို့နယ်က မန်းမန်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှတဆင့် ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် လာမည့် ရက်ပိုင်းများအတွင်း ဧရာဝတီတိုင်းအပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်ဒေသများတွင်လည်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလဗေဒက ခန့်မှန်းထုတ်ပြန်ထားသည်။ ၎င်းအပြင် အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။



















