နိုဝင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို ယာယီနေထိုင်ခွင့် ၁ နှစ် သက်တမ်းတိုးပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့ ( နိုဝင်ဘာလ ၇ ရက်)က ပြုလုပ်ပြီးစီးသွားသည့် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ရင်ဆိုင်နေရသည့် အလုပ်သမား မလုံလောက်မှုပြဿနာကို ဖြေရှင်းရန်နှင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့၌ ချမှတ်ခဲ့သော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့်အညီ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရန်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်စာတွင် အထောက်အထားမရှိသည့် နိုင်ငံတွင်း ရောက်ရှိနေထိုင်သူများနှင့် နေထိုင်ခွင့်ပါမစ် သက်တမ်းကုန်ဆုံးသွားသူများအား လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံသား အလုပ်သမားများအား ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ၁ နှစ် ထပ်မံခွင့်ပြုရန်ဟု ဆိုထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် အချိန်ကာလမှာ လူဟောင်းပဲ ဖြစ်ဖြစ်၊ လူသစ်ပဲဖြစ်ဖြစ် ငွေရေးကြေးရေးတွေ စာရွက် စာတမ်းအထောက်အထားဆိုင်ရာတွေ မှန်ကန်တဲ့သတင်းအချက်အလက်တွေ ပြီးတော့ တိုင်ပင်ဆွေးနွေးလို့ရတဲ့ အသိမိတ်တွေ အဲဒီ ၄ ခုကို စုဆောင်းပြီး လုပ်ဆောင်ထားဖို့ အထူးမှာကြားချင်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခု လုပ်ငန်းစဥ်သည် လာမည့် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် နှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားသူများကိုလည်း ယာယီနေထိုင်ခွင့် ၁ နှစ် ထပ်တိုးမှုတွင် အကျုံးဝင်သည်ဟု သိရသည်။
“ ဒီမှာ ဘာမှမရှိရင် ဖမ်းတယ်လေ။ Name list တစ်ခုခု ကိုင်ထားရင်တော့ တစ်မျိုးပေါ့။ ဒီဟာအတည်ဖြစ်ရင် သွားရေးလာရေးအတွက်လည်း လွတ်လပ်ပြီး အဆင်ပြေသွားမယ်။ အလုပ်လိုအပ်တဲ့နေရာမှာလည်း ချက်ချင်း ဝင်လုပ်လို့ ရနိုင်တဲ့ အနေ အထားတွေလည်း ရှိလာမှာပေါ့” ဟု ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် စာထွက်လာသည့်အပေါ် အစိုးရဝန်ကြီးဌာနက တရားဝင်ပြဌာန်းပြီး သည်နှင့် ကျင့်သုံး၍ ရပြီ ဖြစ်သလို စောင့်ကြည့်မှုများလည်း လိုအပ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
အဆိုပါ အလုပ်သမား အုပ်စုများအနေဖြင့် နေထိုင်ခွင့် သက်တမ်း ထပ်မံရရှိထားသည့် ကာလအတွင်း အလုပ်ပါမစ် သက်တမ်းတိုး လျှောက်လွှာကို လက်ရှိ သက်တမ်း မကုန်ဆုံးမီ လိုအပ်သည့် စာရွက်စာတမ်းနှင့်အတူ အလုပ်ရှင်များက တင်ပြပေးရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ လုံခြုံချက် အာမခံကြေးကို လျှော့ချသည့်အနေဖြင့် နိုင်ငံခြားသား အလုပ်သမား တစ်ဦးလျှင် ဘတ် ၁,၀၀၀မှ အများဆုံး ဘတ် ၁၀၀,၀၀၀ အထိ အာမခံကြေးတင်ထားရန် လိုအပ်မည်ဖြစ်ပြီး ကျန်ကုန်ကျစရိတ်များအတွက် အလုပ်ရှင်များဘက်က ဆက်လက်တာဝန်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယခု ထုတ်ပြန်ထားသည့် လုပ်ငန်းစဉ်များသည် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ တရားဝင် အမိန့်ကြေညာချက်များ ထုတ်ပြန်ပြီးမှသာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့နည်းတူ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် နိုင်ငံခြာသား (လူဟောင်း) အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် ပါမစ်သက်တမ်းတိုးခြင်းနှင့် အထောက်အထားမဲ့အလုပ်သမားအတွက် ပန်းရောင်ကဒ်အသစ်ရိုက် ပေးရေးလုပ်ငန်းစဉ်များကို ယခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့၌ စတင်ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသော်လည်း နယ်စပ် အခြေအနေ မတည်ငြိမ်မှုကြောင့် လက်ရှိအချိန်ထိ ရပ်နားထားဆဲ ဖြစ်သည်။
၂၀၂၅ ဇူလိုင်လ အချက်အလက်များအရ ထိုင်းနိုင်ငံတွင် လက်ရှိ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရထားသည့် နိုင်ငံခြားသား စုစုပေါင်း ၄,၀၇၁,၆၁၇ ဦး ရှိကြောင်း သိရသည်။ ထိုထဲတွင် MoU စနစ်ဖြင့် ဝင်ရောက်လာသူ ၆၈၇,၄၀၅ ဦးရှိပြီး ကမ္ဘောဒီးယား ၁၇၈,၂၄၀ ဦး၊ လာအိုမှ၂၆၀,၈၄၅ ဦးနှင့် မြန်မာနိုင်ငံသား၂၄၈,၃၂၀ ဦးတို့ ပါဝင်ကြောင်း ထိုင်းနိုင်ငံအလုပ်အကိုင်ရှာဖွေရေးဌာနထံမှ သိရသည်။



















