Home သတင်း သံတောင်တွင် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ၊ ကျူးလွန်သူ လွတ်မြောက်ဆဲ

သံတောင်တွင် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ၊ ကျူးလွန်သူ လွတ်မြောက်ဆဲ

585
Photo: CJ

အောက်တိုဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောအူး (တောင်ငူ)ခရိုင်/ တပ်မဟာ (၂)၊ သံတောင် ကြီးမြို့နယ် ရွှေညောင်ပင်ရွာတွင် နိုဝင်ဘာလ ၄ ရက်နေ့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး သတ်ဖြတ်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

အသတ်ခံရသူမှာ ကလေးတစ်ယောက်မိခင် နော်ထီးထာဖောဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့ ညအချိန်တွင် ကလေးဖြစ်သူနှင့်အတူ နေအိမ်၌ နှစ်ယောက်တည်းရှိနေချိန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။ အဓမ္မပြုကျင့်ခံရပြီး ဓါးထိုးဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ဆိုသည်။

“သူက အရင်တခေါက်မှာကိုက အသက်မပြည့်သေးတဲ့အချိန်မှာ အဓမ္မပြုကျင့်ခံထားရတာ။ ဒါကတော့ ဒုတိယအကြိမ် ထပ်ပြီး ကျူးလွန်ခံရတာပေါ့နော်။ အခင်းဖြစ်တဲ့ညတုန်းက ကလေးရဲ့ တအားငိုနေ တဲ့အသံ ကြားတော့ လူတွေ သွားကြည့်လိုက်တဲ့အခါမှာ ကလေးကလည်း သွေးအိုင်ထဲမှာ။ အမေဖြစ် သူကတော့ အသက်မရှိတော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အသက် ၁ နှစ်နှင့် ၃ လသားအရွယ်ရှိသည့် ကလေးဖြစ်သူမှာ အခင်းဖြစ်ချိန်တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမျိုး မရှိခဲ့ ကြောင်း ၎င်းဒေသခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။

လက်ရှိအချိန်ထိ ထိုအမှု ကျူးလွန်ခဲ့သူတို့၏ အချက်အလက်များ ရရှိထားခြင်း မရှိသေးသော်လည်း နယ်မြေခံတာဝန်ရှိများနှင့် ဒေသခြေစိုက် လူမှုအဖွဲ့အစည်းတို့က အမှုမှန်ပေါ်ပေါက်ရေး ဆက် လက်ဖော်ထုတ်သွားမည်ဟု အမျိုးသမီး ဆောင်ရွက်နေသူက ပြောသည်။

“လောဆယ် ကျူးလွန်သူရဲ့ အချက်အလက်ကို သေသေချာချာ မသိရသေးဘူး။ မသိရသေးတဲ့အတွက် ဘာမှတော့ မပြောနိုင်သေးဘူး။ နယ်မြေခံတာဝန်ရှိသူတောတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ ပါတယ်။ ဒီအမှုက ရိုးရိုးသာမန်အမှုမဟုတ်ဘူး။ ကျမတို့အဖွဲ့အစည်းနဲ့လည်း ကျန်တဲ့မိသားစုဝင်တွေကို နိုင်ရာဝန်ကနေ ဝိုင်းဝန်း လုပ်ဆောင်ပေးသွားဖို့ ရှိတယ်” ဟု ဒေသခံ အမျိုးသမီးအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

၎င်းအပြင် အခင်းဖြစ်ပွားသည့် ကျေးရွာတွင် အာဏာသိမ်းစစ်တပ်စခန်းရှိသည့် နေရာနှင့် နီးကပ်လျက်ရှိသလို ရံဖန်ရံခါ စစ်အုပ်စုတပ်ဖွဲ့ဝင်များ အဝင်အထွက် ဝင်ထွက်သွားလာများလည်း ရှိနေသည်။ ထိုအခြေအနေကြောင့် ယခုအမှုဖြစ်စဉ်သည် စစ်အုပ်စုတပ်က လုပ်ဆောင်နေသည်ဟု ဒေသခံပြည်သူတို့ကြား ထင်မြင်သုံးသပ်ချက် ပြောဆိုချက်များ ထွက်ပေါ်လျက်ရှိသည်။