Home သတင်း စစ်အုပ်စု ပူးပေါင်းတပ်များ မြပတိုင်၊ ထီးဖိုးစံလမ်းပိုင်းတွင် တပတ်အတွင်း ၅၀ ကျော် သေဆုံး၊ ဒဏ်ရာရသူများပြား

စစ်အုပ်စု ပူးပေါင်းတပ်များ မြပတိုင်၊ ထီးဖိုးစံလမ်းပိုင်းတွင် တပတ်အတွင်း ၅၀ ကျော် သေဆုံး၊ ဒဏ်ရာရသူများပြား

719
Photo: KNLA

နိုဝင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ် မြောက်ပိုင်း နဘူး/ရင်ခွဲတောင်လမ်းခွဲမှ မြပတိုင်/ ထီးဖိုးစံရွာလမ်းပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှအရာရှိ ၂ ဦးအပါအဝင် ၅၀ ကျော် သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးမဟာမိတ်တပ်ဘက်က ပြောသည်။

စစ်အုပ်စု၏ ခြေမြန်တပ်ရင်း – ခမရ ၅၄၇၊ ၅၄၈၊ ၅၄၉ တပ်ရင်းအပါအဝင် DKBA ဗိုလ်ဘိ၊ နယ်ခြားစောင့်တပ် (BGF) မြလှိုင်တပ်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ယခုအချိန်ထိ မြပတိုင်၊ မိဖာလဲ၊ ထီးဖိုးစံ ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဦးတည်တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိသည်။

၎င်းစစ်ကြောင်းထိုးလာသော စစ်အုပ်စုပူးပေါင်းတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ် စစ်ကြောင်းများက ဖြတ်တောက်တိုက်ခိုက်မှုကြောင့် နေ့စဉ် လူဆယ်ချီ သေဆုံးခဲ့ပြီး တပ်လှန်ပြန်ဆုတ်ရကြောင်း KNLA မဟာမိတ်တပ် တာဝန်ရှိသူက ပြောသည်။

၎င်းက “နိုဝင်ဘာ ၁ ရက် မနက်ပိုင်းစတိုက်ကတည်းက ၁၆ ယောက် အလောင်းရတယ်။ လက်နက်တွေရတယ်။ ဒဏ်ရာရတာ ပြန်သယ်တာက ၁၀ ယောက်ဝန်းကျင်ရှိတယ်။ သူတို့သေတာ အရာရှိနှစ်ယောက်ပါတယ်။ DKBA/BGF လည်းပါပါတယ်ဆိုရင် ၅၀ ကျော်ပြီပေါ့နော်။ DKBA လည်းပါ ပါတယ်။ BGF လည်းပါပါတယ် တက်လာတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်အုပ်စု၏ ပူးပေါင်းတပ်များ အကျအဆုံးများနေသည့် ထီဖိုးစံတိုက်ပွဲနေရာသို့ ဖားအံမြို့ တပ်မ ၂၂ မှ စစ်ကူများနှင့် DKBA စစ်ကူများကို နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျုံဒိုးမြို့သို့ ပို့ဆောင်ပြီးနောက် ကျုံဒိုးအခြေစိုက် ခမရ ၅၄၅ နှင့် ၅၄၆ တပ်များမှ တဆင့် မြပတိုင်၊ ထီးဖိုးစံရွာဘက်သို့ စစ်ကူများကို ထပ်မံပို့ဆောင်လျက်ရှိကြောင်း KNLA တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။

“စစ်သားသစ်‌တွေဆိုတော့ ဘာမှမသိဘူး စွတ်တက်တာ။ အရာရှိအသစ်‌တွေလည်းကျတယ်။ အဲ့တာရွာသားအိမ်တွေ၊ ခြံတွေထဲ ကြွင်းတိမ်တိမ်လေးတွေ မြေယက်ပြီး မြှုပ်သွားတာမျိုးလည်းရှိတယ်။ အလောင်းပြန်မကောက်တာလည်းရှိတယ်။ ဒဏ်ရာရတာတွေကိုတော့ BGF တွေ၊ PC (ငြိမ်းချမ်း ရေးကောင်စီ) ကားတွေနဲ့ ကျုံဒိုးကနေ တောင်ကလေးဘက်ပို့တယ်ဆိုတာ ကြားတယ်။ အပြန်ကျတော့ ဖားအံ ၂၂ ကနေ စစ်ကူတွေ ပြန်တင်လာတယ်။” ဟု ပြောသည်။

အဆိုပါ ဒဏ်ရာရသူများကို BGF ၊ PC (ငြိမ်းချမ်းရေးကောင်စီ) အဖွဲ့က ပို့ဆောင်ပေးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၎င်းတို့အဖွဲ့ တာဝန်ရှိသူများအား မေးမြန်းရာတွင် မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

စစ်အုပ်စုတပ်သည် ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများကို ထပ်တိုးချဲ့ ထွင်နိုင်ရန်နှင့် မြဝတီကုန်သွယ်ရေးလမ်းပိုင်းကို ပြန်လည်ဖွင့်နိုင်ရန်အတွက် ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်နှင့် မြဝတီမြို့နယ်ရှိ KNLA မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့နယ်များနှင့် ရွာများကို ပစ်မှတ်ထား၍ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေကြောင်း စစ်မြေပြင်အရင်းအမြစ်များက ပြောသည်။

ထိုသို့ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ရာတွင် စစ်အုပ်စုတပ်က စစ်မှုထမ်းများနှင့် စစ်သားသစ် အများ အပြားကို စစ်ကူအဖြစ်ပေးပို့ပြီး လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းအင်အား၊ လက်နက်ကြီးများနှင့် မစ်ဇိုင်းများ အသုံးပြု၍ စစ်ဆင်ရေးအရှိန်မြင့် တိုက်ခိုက်လျက်ရှိကြောင်း ဆိုသည်။