Home သတင်း ဒိုက်ဦးထောင်၌ နိုင်ငံရေးအကျဉ်းသူတစ်ဦး ဥပဒေမဲ့ တိုက်ပိတ်ပြစ်ဒဏ် ပေးခံရ

ဒိုက်ဦးထောင်၌ နိုင်ငံရေးအကျဉ်းသူတစ်ဦး ဥပဒေမဲ့ တိုက်ပိတ်ပြစ်ဒဏ် ပေးခံရ

623
Photo: PPNM

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးအကျဥ်းထောင်တွင် အမျိုးသမီးအကျဥ်းဆောင် ဦးစီးမှူးဖြစ်သူက နိုင်ငံရေး အကျဉ်းသူတစ်ဦးအား ဥပဒေမဲ့ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၉) ရက်နေ့တွင် အကျဥ်းထောင် အမျိုးသမီးအဆောင်(၆) ရှိ အပေါ်ထပ် အခန်း (၄)၌ ပုဒ်မ ၅၂ (က) နှင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသူ မမေသူနိုင်ကို နံနက် ဘုရားရှိခိုးချိန်အတွင်း အိပ်နေသည်ဆိုသောအကြောင်းပြချက်ဖြင့် အဆောင်ဦးစီးမှူးဖြစ်သူ ဒေါ်ဇင်မာကြည် အောင် အင်အားသုံးကာ အဆောင်ထဲမှခေါ်ဆောင်ပြီး တိုက်ပိတ်ပြစ်ဒဏ်ပေး ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ ဒီလုပ်ရပ်ဟာ ရာထူးကိုအသုံးချပြီး မိမိတို့ ရဲ့ ရာထူးအာဏာကို ဘုရင်တစ်ပါးလို ထောင်ထဲမှာ လုပ်ချင်ရာလုပ်လို့ ရတယ်ဆိုတဲ့အခြေအနေကို ဖန်တီးနေတာ ဖြစ်တယ်။ စစ်ကောင်စီ၏ လက် အောက်မှာ လုပ်ဆောင်နေတဲ့အချိန်မှာ စစ်ကောင်စီရဲ့ အကြိုက်ကို တသွေမတိမ်းလိုက်ပါ ဆောင်ရွက်နေတာ တွေ့ရတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

အကျဥ်းထောင်အတွင်း ယခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို ကျူးလွန်နေသည့် ထောင်ဝန်ထမ်းဖြစ်သူ ဒေါ်ဇင်မာကြည်အောင်ကို ထောင်အာဏာပိုင်များက ယနေ့အချိန်ထိ ထိရောက်သော အပြစ်ပေးအရေးယူမှုများ လုပ်ဆောင်ခြင်းမရှိကြောင်း ကိုသိုက်ထွန်းဦးက ဖြည့်စွက်ပြောသည်။

PPNM ထုတ်ပြန်ချက်အရ အကျဥ်းဆောင်မှူး ‌ဒေါ်ဇင်မာကြည်အောင်သည် ၎င်းတာဝန်ယူ အုပ်ချုပ်သည့် အဆောင်အတွင်း နိုင်ငံရေးအကျဥ်းသူ အနည်းဆုံး ၃၀ ဦးခန့်သည် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံရမှုနှင့် ရိုက်နှက်မှုများအပြင် ဥပဒေမဲ့ တိုက်ပိတ်ပြစ်ဒဏ်များကိုပါ ခံခဲ့ကြရသည်ဟု ဖော်ပြထားသည်။

PPNM အနေဖြင့်လည်း ထောင်အတွင်း အကျဥ်းသားအခွင့်အရေးချိုးဖောက် ကျူးလွန်နေကြသည့် စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းများကို ဥပဒေအရ အရေးယူနိုင်ရေး ကြိုးပမ်းဖော် ထုတ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

“ တရားမျှတမှု ပြန်လည်ဖော်ဆောင်ခံရတဲ့အချိန်ကျရင် သေချာပေါက် တာဝန်ယူမှု တာဝန်ခံမှု ရှိအောင် ကျနော်တို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်။ ဒါကြေင့် လုပ်နေတဲ့လုပ်ရပ်ကနေ ရပ်တန်းကရပ်ပေးဖို့ သတိပေးချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

အလားတူ ယခုနှစ် ဇွန်လ ဒုတိယပတ်တွင် ဖားအံအကျဉ်းထောင်၌ ထောင်တွင်းလုံခြုံရေးနှင့် ထောင်တွင်းသတင်း ပေါက်ကြားသည် ဟူသော အကြောင်းပြချက်ဖြင့် ထောင်အာဏာပိုင်များနှင့် ထောင်ဝန်ထမ်းများက ရိုက်နှက်စစ်ဆေးမှုများကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့သည်ဟု Justice Network for Political Prisoners (JNPP) ၏ နိုဝင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလပိုင်းမှ ယခု နိုဝင်ဘာလ (၁၂)ရက်နေ့အထိ အာဏာသိမ်းဖြစ်စဥ်နှင့်စပ်လျဥ်း၍ နိုင်ငံရေး တက် ကြွလှုပ်ရှားသူ နှင့် အရပ်သားပြည်သူ စုစုပေါင်း (၂၉၉၅၅) ဦး စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ မှတ်တမ်းများအရ သိရသည်။