Home သတင်း ကေအဲန်ယူ တပ်မဟာ(၂) တွင် စစ်မေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သည့် KNLA အရာရှိ ရာထူးမှ ရပ်ဆိုင်း၍ ထောင်ချ

ကေအဲန်ယူ တပ်မဟာ(၂) တွင် စစ်မေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သည့် KNLA အရာရှိ ရာထူးမှ ရပ်ဆိုင်း၍ ထောင်ချ

1092
Photo: CJ

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင် စစ်မေတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ကျူးလွန်ခဲ့သည့် တပ်ရင်းမှူးကို ရာထူးတာဝန်မှ အနားပေးစေပြီး ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ကြောင်း တရားရေးနှင့် စစ်ဘက် သတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလပိုင်းက KNLA တပ်မဟာ(၂)၊ တပ်ရင်း(၆) တပ်ရင်းမှူး ဗိုလ်ဘရာဆိုသူက ထန်းတပင်မြို့နယ်နေ အသက် (၂၀) ဝန်းကျင်အရွယ် ၎င်း၏ စစ်မေတစ်ဦးအား ခေါ်ယူနှိပ်နယ်ခိုင်းပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကျူးလွန်ခံရသူနှင့် နီးစပ်ရာ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“အရက်မူးနေတဲ့အချိန်မှာ သူ့ရဲ့ စစ်မေကို ခေါ်ပြီးတော့ နှိပ်ခိုင်းနင်းခိုင်းပြီး ဟိုကိုင်ဒီကိုင် လုပ်လိုက် တာ။ မုဒိမ်းမှု ကျူးလွန်တဲ့အထိ ဖြစ်မဖြစ်တော့ မသေချာဘူး။ သူများဖမ်းတော့မှ သူအရက်မူးပြီး လုပ်မိတယ်ဆိုပြီး အကြောင်းပြတယ်” ဟု ဖြစ်စဉ်ကို သိရှိသူ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ကျူးလွန်သူ ဗိုလ်ဘရာမှာ ယခင်က လိင်ကိစ္စ လိုက်စားသူဟုလည်း နာမည်ထွက်ထားကြောင်း ၎င်းအသိုင်းအဝိုင်းက ဆိုသည်။

အမည်မဖော်လိုသည့် KNLA သတင်းအရင်းအမြစ်တစ်ခုက “သူ့အမှုတွေကများတယ်၊ ဒီတစ်မှု တည်းမဟုတ်ဘူး။ အဲဒါကြောင့် အရင်ကတည်းက နှစ်ကြိမ်သုံးကြိမ်လောက် သတိပေးထားပြီးသား။ အခုအမှုကတော့ မုဒိမ်းမှု ကျူးလွန်တဲ့အထိ မမြောက်ခဲ့ဘူးလို့ သိထားတယ်။ အဲဒါကြောင့် သူ့ရာထူးနဲ့ တာဝန်က အနားပေးပြီး ထောင်တစ်နှစ် ချလိုက်တယ်” ဟု ပြောသည်။

ကေအိုင်စီအနေဖြင့် ဖြစ်စဉ်ကို စတင်သိရှိပြီးနောက် KNU၊ KNLA သက်ဆိုင်ရာနယ်မြေ တာဝန်ရှိ သူများက ထိုအမှုကို မည်သို့ ကိုင်တွယ်နေကြောင်း စုံစမ်းမေးမြန်းခဲ့သော်လည်း ယခုအချိန်ထိ ဆက်သွယ်၍ မရသေးပါ။ ယင်းအမှုအား လျှို့ဝှက်အမှုတွဲအဖြစ် ထားရှိခြင်းကြောင့်ဖြစ်သည်ဟုသာ တပ်မဟာ(၂) တရားရေးပိုင်းနှင့် KNLA သတင်းအရင်းအမြစ်ထံမှ ပြီးခဲ့သည့် အောက်တိုဘာလပိုင်းက သိခွင့်ရသည်။

အမျိုးသမီးရေးရာ ကူညီလုပ်ဆောင်ပေးနေသည့် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ကလည်း တပ်ပိုင်းဆိုင်ရာမှ ကျူးလွန်သည့် အမှုမျိုးဖြစ်ပါက တပ်၏ ရာထူးတာဝန်မှ ရပ်ဆိုင်းကာ ပြည်သူ့တရားခုံရုံးသို့ တင်၍ နစ်နာသူဘက်က သဘောဆန္ဒအတိုင်း အရေးယူပေးရသည့် လုပ်ထုံးရှိသည်ဟု ဆိုသည်။

KWO မှ တာဝန်ရှိသူတစ်ဦးက “တပ်ပိုင်းဆိုင်ရာက အမှုဖြစ်တယ်ဆိုရင်တော့ တပ်က ရာထူး ကဖြုတ်ပြီး အရပ်သားခုံရုံးတင်ရမယ်။ ကျူးလွန်ခံရတဲ့သူရဲ့ ဆုံးဖြတ်ချက်ပဲ၊ သူတို့ ဘယ်လို ဖြစ်စေချင်လဲပေါ့။ ကျမတို့ KWO အနေနဲ့ကတော့ Advocate (ရှေ့နေလိုက်) လုပ်ပေးရတဲ့ အပိုင်းရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၂)၊ တောင်ငူခရိုင်တွင် KNLA တပ်ရင်းတပ်ဖွဲ့များအပြင် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်အုပ်စု၏ တပ်ရင်း၊ တပ်စခန်း များလည်း လှုပ်ရှားနေသည်။ ထို့ကြောင့် ကေအဲန်ယူ၏ အုပ်ချုပ်ရေးနှင့် စစ်အုပ်စုအုပ်ချုပ်ရေးယန္တရား ရောနှောလည်ပတ်ရာ နယ်မြေလည်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၄) ရက်နေ့ကလည်း သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် အသက် (၁၇) နှစ်အရွယ် ကလေးမိခင်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရပြီး ယခုအချိန်ထိ ကျူးလွန်သူ လွတ်မြောက်နေဆဲဖြစ်သည်။