နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)/တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ရွှေ ညောင်ပင်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ(၄)ရက်နေ့က မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရသည့်အသက် (၁၇)နှစ်အရွယ် ကလေးမိခင်၏ အမှုကို စစ်အုပ်စုကျူးလွန်ကြောင်း သံသယရှိသော်လည်း စုံစမ်း ဖော်ထုတ်ရန် ခက်ခဲနေကြောင်း နယ်ခံများထံမှ သိရသည်။
အသက်(၁)နှစ် (၃)လသားအရွယ် ကလေးငယ်၏မိခင် နော်ထီးထာဖောသည် နေအိမ်တွင် ကလေးနှင့် နှစ်ဦးတည်းရှိနေစဥ် မုဒိမ်းကျင့်ခံရပြီး ဓါးထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
အမှုမှန်ပေါ်ပေါက်ရေး ကျူးလွန်သူချန်ထားခဲ့သည့် သတင်းသဲလွန်စများကို လိုက်လံစုံစမ်းချိန်၌ ထို ရက်ပိုင်းက ရွှေညောင်ပင်ကျေးရွာအနီးဝန်းကျင်သို့ စစ်ကြောင်းထိုးလာသည့် တပ်ဖွဲ့ဝင် တစ်ဦး လုပ်ရပ်ဖြစ်ကြောင်း ယူဆရသော်လည်း စစ်အုပ်စုနှင့်ပတ်သက်နေ၍ ဆက်လက်ဖော်ထုတ်အရေးယူရန် မလွယ်ဟု ဒေသသတင်းအရင်းအမြစ်များက ပြောသည်။
သံတောင်ကြီးနယ်ခံ အမျိုးသမီးတစ်ဦးက “ အိမ်နားမှာ ခြေရာခံလိုက်တော့ အဲ့ဒီညက ရွာဘက်ကို ကင်း လှည့်လာတဲ့ စစ်အုပ်စုစခန်းချတဲ့နေရာဘက်ကို သွားတယ်။ ဒါပေမဲ့ လုပ်တဲ့လူတွေက စကစမို့လို့ ရွာတာ ဝန်ရှိသူတွေက ဒီတိုင်းပဲထားလိုက်ရတယ်။ တော်ကြာရွာကို ပိုပြီးဒုက္ခပေးမှာစိုးလို့” ဟု ပြောသည်။
ဒေသခံသတင်းအရင်းအမြစ်၏ ပြောပြချက်အရ ယခင်ကလည်း စစ်အုပ်စုက ရွှေညောင်ပင် ရွာနား တစ်ဝိုက် မကြာခဏစစ်ကြောင်းထိုးခြင်း၊ ကင်းလှည့်ခြင်းအပြင် သံတောင်ကြီးမြို့အခြေစိုက် ဘုရင့် နောင်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်ခြင်းတို့လုပ်ဆောင်လေ့ရှိသည်။
အမှုဖြစ်စဥ်အတွင်း ကျန်ရစ် ခဲ့သည့် ကလေးငယ်ကိုမူ လက်ရှိတွင် ဆွေမျိုးအသိမိတ်ဆွေများက ဆက်လက်စောင့်ရှောက်ထားသည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။
တပ်မဟာ(၂)၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်နှင့်ထန်းတပင်မြို့နယ်တို့မှာ ကေအဲန်ယူ အုပ်ချုပ်မှု နယ်မြေတွင်ရှိသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များလည်း လှုပ်ရှားလျက်ရှိသော်လည်း မြို့နှင့်နီးပြီး အဓိကလမ်းမကြီး၊ လမ်းပိုင်းများတဝိုက် နီးစပ်ရာရွာများမှာ စစ်အုပ်ချုပ်မှုအောက်တွင် ရှိသည်။
ယခုအမှုကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူဘက်က အမြင်နှင့် ဆက်လက် ဆောင်ရွက်နိုင် မည့်အခြေအနေကို သိရှိနိုင်ရန် ပြောခွင့်ရပုဂ္ဂိုလ်သို့ ကေအိုင်စီအနေဖြင့် မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း တပ်မဟာ(၂)နယ်မြေတွင် စစ်အုပ်စုတပ်စခန်းများက စစ်ဆေးရေး တင်းကြပ်လုပ်ဆောင်ပြီး တရားလက်လွတ်ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် ယနေ့အချိန်ထိ သတိထားသွားလာနေရကြောင်း ဒေသခံများက ဆိုသည်။


















