Home သတင်း အမေရိကန်၏ ကျားဖြန့်ကိစ္စ အရေးယူမှု လက်တွေ့မကျဟု DKBA ဝေဖန်

အမေရိကန်၏ ကျားဖြန့်ကိစ္စ အရေးယူမှု လက်တွေ့မကျဟု DKBA ဝေဖန်

497

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အမေရိကန်အစိုးရက ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နှင့် ခေါင်းဆောင်လေးဦးတို့အား အရေးယူပိတ် ဆို့လိုက် ခြင်းသည် လက်တွေ့မကျသည့်လုပ်ရပ်ဟု DKBA ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က ဝေဖန်လိုက်သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က နိုဝင်ဘာ ၁၂ ရက်နေ့ရက်စွဲဖြင့် အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုလုပ်ငန်းများဖြင့် အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံနှင့်ချီပြီး ခိုးယူအမြတ်ထုတ်နေခြင်းကြောင့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး အပါအဝင် ဗိုလ်ချုပ်စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှ နှင့် ဗိုလ်မှူးကြီးစောစိန်ဝင်းတို့ကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ခဲ့သည်။

အရေးယူရာတွင် ကျားဖြန့်နှင့်မပတ်သက်သော DKBA ခေါင်းဆောင်များကိုပါ ထည့်သွင်းထားသဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိသည့် လုပ်ရပ်ဖြစ်သည်ဟု အမေရိကန်(OFAC) ၏ လုပ်ဆောင်ချက်အပေါ် ဗိုလ်ချုပ်စောဆန်းအောင်က ဝေဖန်ပြောဆိုသည်။

၎င်းက “ကျနော်တို့က အမေရိကန်ကို ကမ္ဘာပေါ်မှာ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တယ်ဆိုပြီးတော့ တော်တော်လေးအထင်ကြီးခဲ့တာ။ ခုတော့မဆီမဆိုင် ဗိုလ်ချုပ်စောစတီးတို့ စောစိန်ဝင်းတို့။ ဗိုလ်ချုပ် စတီးဆိုရင် သွားပေးလို့ တရုတ်ပိုက်ဆံမှန်းသိလို့ဆိုရင် မယူဘူး၊ အဲ့လိုလူတွေပါ သူတို့ဆွဲထည့်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

OFAC ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတွင်းဖြစ်စေ အမေရိကန်နိုင်ငံ သားပိုင်ဆိုင် သည့်လုပ်ငန်းများအောက်တွင်ဖြစ်စေ OFAC က အရေးယူခံရသည့် လူပုဂ္ဂိုလ်၊ လုပ်ငန်းများအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သမျှ အကျိုးအမြတ်နှင့်ပစ္စည်းဥစ္စာအားလုံး ပိတ်ဆို့ခံရမည်ဖြစ်သည်။

DKBA အနေဖြင့်မူ ပိုင်ဆိုင်မှုမရှိသဖြင့် အမေရိကန်၏အရေးယူမှုက ၎င်းတို့အပေါ် မသက် ရောက်နိုင်ကြောင်း ပိတ်ဆို့ခံရသူများတွင် တစ်ဦးအပါအဝင်ဖြစ်သော ဗိုလ်ချုပ် စောဆန်းအောင်က ဖြည့်စွက်ပြောဆိုသည်။

“ကျနော်တို့မှာ ဘာကုမ္ပဏီမှမရှိဘူးရော၊ ယိုးဒယားမှာလည်း ရောဂါရလို့ သွားကုတာကလွဲပြီးတော့ ပိုင်ဆိုင်မှုတွေဘာမှမရှိဘူး။ သူတို့ကနိုင်ငံကြီးတွေဆိုတော့လည်း သူတို့လုပ်တာခံရမှာပဲလေ။ ကျနော်တို့ဘဝတွေပေါ့” ဟု ဗိုလ်ချုပ်စောဆန်းအောင်က ပြောသည်။

အမေရိကန်၏ အရေးယူမှုတွင် DKBA ခေါင်းဆောင် လေးဦးနှင့်အတူ ထိုင်းနိုင်ငံသား ချန်မူ စဝမ်နှင့် Trans Asia International Holding Group Thailand Company Limited နှင့် Troth Star Company Limited တို့လည်း ပါဝင်သည်။ ၎င်းတို့မှာ ပြီးခဲ့သည့်လပိုင်းမှစ၍ တကျော့ပြန်နာမည်ဆိုးထွက်လာသော မြဝတီ၊ မယ်ထော်သလေးကျေးရွာအနီးရှိ KK Park စီမံကိန်းအတွက် လုပ်ကွက်ရထားသည့် ကုမ္ပဏီများလည်းဖြစ်သည်။

ထို့အတူ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနှင့် အရှေ့တောင်အာရှနိုင်ငံများရှိ အွန်လိုင်းငွေ လိမ်လည်လုပ်ငန်းများနှင့်ခေါင်းဆောင်များကို စစ်ဆေး တရားစွဲဆိုနိုင်ရန် ကိုလံဘီယာခရိုင်ရှိ အမေရိ ကန်ပြည်ထောင်စုရှေ့နေရုံးမှ တရားရေး၊ FBI နှင့် Secret Service အဖွဲ့တို့နှင့်ပူးပေါင်းကာ အွန်လိုင်း လိမ်လည်မှုစင်တာများ တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ကို ဖွဲ့စည်းလုပ်ဆောင်သွားမည်ဟု OFAC ထုတ်ပြန်ချက်က ဆိုသည်။

OFAC အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ (၈)ရက်နေ့ကလည်း ကျားဖြန့်လုပ်ငန်းများတွင် ပါဝင် ပတ်သက်မှုကြောင့် ကရင်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ စောမင်းမင်းဦးနှင့် ဗိုလ်တင်ဝင်းအပါအဝင် BGF ပိုင်ဆိုင်သည့် လုပ်ငန်းများကိုလည်း အရေးယူပိတ်ဆို့ခဲ့သေးသည်။