Home သတင်း ၂၀၂၅ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် အဆိုပြုလွှာလျှောက်ထားနိုင်ပြီဟု ဖန်းဖောင်ဒေးရှင်းထုတ်ပြန်

၂၀၂၅ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် အဆိုပြုလွှာလျှောက်ထားနိုင်ပြီဟု ဖန်းဖောင်ဒေးရှင်းထုတ်ပြန်

664

အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာ လူငယ် ခေါင်းဆောင်ဆု ၂၀၂၅ ခုနှစ်အတွက် အဆိုပြုအမည်စာရင်း စတင်‌ပေးသွင်းနိုင်ပြီဟု ဖန်းဖောင်ဒေးရှင်း (Phan Foundation) က ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ဖိတ်ခေါ်လိုက်သည်။

အများပြည်သူအတွက် နယ်ပယ်စုံတွင် ကိုယ်ကျိုးစွန့် လုပ်ဆောင်နေသည့် ကရင်လူငယ်တို့ကို ဖန်းဖောင်ဒေးရှင်း က ယခုလို နှစ်စဉ်ရွေးချယ် ဆုချီးမြှင့်ခဲ့သည်မှာ ယခုနှစ်တွင် ၁၇ ကြိမ်ထိ ရှိလာပြီးဖြစ်သည်။

ပဒိုမန်းရှာလားဖန်း၏ သားဖြစ်သူ စောစေးစေးဖန်းက “ဒီဆုက ကျနော်တို့ အဖေဖြစ်တဲ့ ပဒိုမန်းရှာလားဖန်း ရှိစဉ်တုန်းကလည်း လူငယ်တွေကို အားပေး ထောက်ပံ့ပေးတာတွေ အများကြီးရှိတယ်။ သူ့ကိုဂုဏ်ပြု ရည်ရွယ်ထားပြီးတော့ ဆုချီးမြှင့်လာတာ ဒီနှစ်ဆို ၁၇ ကြိမ်မြောက် ရှိပါပြီ။ လူမှုအဖွဲ့အစည်းအသီးသီးကနေ အဆိုပြုတင်သွင်းလာတဲ့ထဲ ထူချွန်တဲ့လူငယ်တွေကို ပြန်လည်စိစစ်ပြီး ကျနော်တို့ ရွေးချယ်သွားမယ်။ ဒီလူ ငယ်တစ်ယောက်က ရှေ့ဆက်ပြီး လူမျိုးနဲ့ အဖွဲ့အစည်းအပေါ် ဘယ်လို အကောင်းဆုံး ဦးဆောင်လုပ်သွား မလဲဆိုတဲ့တာက ကျနော်တို့ရဲ့ မျှော်လင့်ချက်ပဲ ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုမှာ ကရင်အမျိုးသားများ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူ့အခွင့်အ‌ရေး၊ သဘာဝပတ်ဝန်းကျင် တည်တံ့‌ရေးနှင့် စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုး မငဲ့ဘဲ ဦး‌ဆောင်လှုပ်ရှား‌ ဆောင်ရွက်‌နေသည့် အသက် ၃၅ နှစ်အောက် အနယ်နယ်အရပ်ရပ်ရှိ မည်သည့် လူငယ်မဆို Phan Foundationက နှစ်စဉ်‌ရွေးချယ်ဂုဏ်ပြုသည့်ဆုတစ်ခု ဖြစ်သည်။

၂၀၂၃ ခုနှစ် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် စောအဲလ်ဘတ်ချိုက “ လက်ရှိ မြေပြင်မှာ လိုအပ်မှုတွေက အများကြီးပဲ။ ဒီလိုအပ်မှုတွေ (ဥပမာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး နှင့် အခြား) စတဲ့ အပိုင်းမှာ တချို့လူမသိ သူမသိ ပံ့ပိုးကူညီ တက်ကြွစွာ ပါဝင်တဲ့ volunteers လူငယ် တွေ အများကြီးပါပဲ။ အများ အကျိုးသယ်ပိုးပြီး ပေးဆပ်နေကြနစ်နာခံနေကြတဲ့ လူငယ်တွေကို အသိအမှတ်ပြုစေချင်ပါတယ်။ ထိုလူငယ် တွေကို ဆုရစေချင်မိပါတယ်။ သူတို့ရဲ့ပေးဆပ်အနစ်နာခံမှုတွေကိုလည်း လူထုကိုသိစေချင်တာလည်း ပါတာ ပေါ့” ဟု ၎င်းက ပြောသည်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုအတွက် အသက် ၃၅ နှစ်‌အောက် မည်သည့်‌နေရာတွင် ‌နေထိုင်သည့် ကရင် လူငယ်မဆို၊ အဖွဲ့အစည်းမဆို‌ လျှောက်ထားနိုင်သလို အဖွဲ့အစည်းများအ‌နေဖြင့်လည်းဆုအတွက် မိမိတို့၏ အဖွဲ့ ဝင်များကို ‌ထောက်ခံအဆိုပြုနိုင်ပြီး ဆုရရှိသည့်သူကို ဆုငွေအမေရိကန်ဒေါ်လာ ငါး ထောင်(၅၀၀၀) ပေးအပ်ချီး မြှင့်သွားမည်ဟု ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

အဆိုပြု‌လျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ‌နောက်ဆုံးထားကာ လက်ခံသွား မည်ဖြစ် သလို ဆုရရှိသူကို ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကြေညာသွားမည်ဖြစ်ကြောင်းလည်း ဖန်းဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ‌လျှောက်လွှာများကို ကရင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် အမည်၊ အသက်၊ ‌မွေးသက္ကရာဇ်၊ ‌နေရပ်နှင့် အဖွဲ့အစည်းစသည့် အချက်အလက်များဖြင့် bwabwa.phan@ phanfoundation.org တွင် ‌ပေးပို့ ‌လျှောက် ထားနိုင်သည်ဟု Phan Foundation ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ အမည်မသိ ‌သေနတ် သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရ‌သော KNU-အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ကွယ် လွန်သူ ဇနီးဖြစ်သူ နမ့်ကျင်‌ရွှေတို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူသားသမီးများ ဖြစ်ကြ‌သော ‌စော‌စေး‌ စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စ̕လုံ့ဖန်းတို့က တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ဖားအံခရိုင်အတွင်းရှိ ရပ်ရွာလူ ထူ‌စောင့်‌ ရှောက်မှု အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်နေသည့် အရေးပေါ်ထောက်ပံ့ရေးကော်မတီ (IDPs)မှ ပဒိုနော်ရှီးဝါးကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် စတင်ပေးအပ်ကာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဆိုလျှင် (၁၇) ဦးမြောက်ရှိနေပြီး ဖြစ်သည်။