Home သတင်း ဖာနီရွာသို့ စစ်တပ်လက်နက်ကြီးကျ အရပ်သား ၆ ဦး ဒဏ်ရာရ

ဖာနီရွာသို့ စစ်တပ်လက်နက်ကြီးကျ အရပ်သား ၆ ဦး ဒဏ်ရာရ

665
Photo-တွဲလက်ညီညီစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

အောက်တိုဘာ ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ဖာနီရွာအတွင်းသို့ စစ်အုပ်စုတပ်က အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဇဝဲကျေးရွာတွင် အခြေစိုက်ထားသည့် အမှတ်(၅၅၆) ခြေမြန်တပ်ရင်းက ဖာနီရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ယခုလို ပြောသည်။

“တိုက်ပွဲ ကတော့ဖြစ်ပွါးမှုမရှိသေးပေမဲ့ စစ်တပ်ဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးက ဒီရွာထဲက လူနေအိမ် အပေါ်ကို ကျပြီးတော့ပေါက်ကွဲ ခဲ့တာပါ။ အရပ်သား ၆ ယောက်ထိတယ်လို့ ကြားတယ်။ လက်ရှိမှာတော့ နီးစပ်ရာ နေရာတွေမှာ ဆေးကုသမှုခံယူနေကြပါတယ်။”ဟု ၎င်းက ပြောသည်။

ယခုလို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်၍ ဒေသခံရွာသားများ ထပ်ပစ်မည်ကို စိုးရိမ်၍ နေရာရွှေ့ပြောင်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“စစ်တပ်က ရွာထဲကနေ ရောက်ချင်တဲ့နေရာရောက် ဆိုတဲ့သဘောနဲ့လှမ်း ပစ်နေတာဆိုတော့ တခြားဘေးလွှတ်ရာ နေရာတွေကို ရွှေ့နေကြတာမျိုးတော့ ရှိတယ်။ နေ့ခင်းဘက် တချက်လာနေ ညဘက်ကျရင် တော့လက်နက်ကြီး လွှတ်လောက်မယ်ထင်တဲ့နေရာတွေကို ရွှေ့ကြရတာပေါ့။”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင်လည်း ဇဝဲရွာအခြေစိုက် ခမရ- ၅၅၆ တပ်ရင်းမှတစ်ဆင့် ဖာနီရွာဘက်ကို အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

စစ်အုပ်စုတပ်များအနေဖြင့် တနင်္သာရီတိုင်းအတွင်း အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်း အသုံးပြုပြီး ယခုလအတွင်း ဆက်တိုက်စစ်ကြောင်းထိုးလျက်ရှိနေကြောင်းသိရသည်။