Home သတင်း မဲဆောက်၌ လွယ်ကထုံပွဲတော်ရက်များတွင် မီးပုံးပျံနှင့် မီးရှူး၊ မီးပန်းလွှတ်တင်ခြင်းကိုတားမြစ်

မဲဆောက်၌ လွယ်ကထုံပွဲတော်ရက်များတွင် မီးပုံးပျံနှင့် မီးရှူး၊ မီးပန်းလွှတ်တင်ခြင်းကိုတားမြစ်

636

အောက်တိုဘာ ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျရောက်မည့် ထိုင်းရိုးရာ လွယ်ကထုံ (မီးမျှော)ပွဲတော်တွင် မီးပုံးပျံနှင့် မီးရှူး၊ မီးပန်းလွှင့်တင်ခြင်းများကို ပိတ်ပင်ထားသည်ဟု မြို့တော် စည်ပင် သာယာရေးအဖွဲ့က အောက်တိုဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန် သတိပေးထားသည်။
အဆိုပါ လွဲကထုံ ပွဲတော်ကို ထိုင်းနိုင်ငံတွင် ဒေသအသီးသီး၌ ကျင်းပလေ့ရှိပြီး ပွဲတော်ကာလ၌ ရေပေါ် မီးမျှော ပူဇော်ခြင်းပြုလုပ်လေ့ရှိပြီး၊ ပျော်ပွဲရွှင်ပွဲများနှင့် အတူ မီးပုံးပျံများ လွှတ်ခြင်းနှင့် မီးရှူး၊ မီးပန်းများ ဖောက်လေ့ရှိ ကြသည်။

ယခုလို မီးပုံးပျံလွှတ်ခြင်းနှင့် မီးရှူး၊ မီးပန်းများ လွှတ်တင်ခြင်းကြောင့် မီးဘေးနှင့် မတော်တဆမှုဖြစ်ပွားနိုင်ခြင်း၊ အများပြည်သူ ထိတ်လန့်မှုဖြစ်ပေါ်စေသည့်အတွက် ယခုနှစ်တွင် ရှောင်ရှားရန် မဲဆောက်အာဏာပိုင်များက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဌ ဦးမိုးကြိုးက ”မီးရှူးမီးပန်း ဗြောက်အိုးဖောက်တာတွေက ပျောက်မှာတော့မဟုတ်ဘူး။ ဒါပေမယ့် နည်းသွားမယ်။ ဒါကိုကျူးလွန်ရင် ပြစ်ဒဏ်တွေ ဘာတွေ ပေးမလဲတော့ မပြောထားဘူး။ ဥပဒေက သူတို့လက်ထဲမှာဘဲ ရှိတယ်ဆို‌တော့ သူတို့တားမြစ်ထားတဲ့အရာဆိုရင် ရွှေ့ပြောင်းမြန်မာပြည်သားတွေအနေနဲ့က လိုက်နာပေးရမယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။

မဲဆောက်တွင် မီးရှူး၊ မီးပန်း ပစ်ခြင်းမပြုရန်၊ မီးပုံးပျံလွတ်တင်ခြင်းမပြုရန် မြို့တွင်းရှိ ရပ်ကွက်များထဲတွင် လော်စပီကာဖြင့် လိုက်လံ သတိပေးခြင်းများ ပြုလုပ်နေသည်ဟု မြို့တွင်းနေထိုင်သူများက ပြောသည်။

ထိုင်းနိုင်ငံလွယ်ကထုံ(မီးမျှော)ပွဲတော်သည် နိုင်ငံအတွင်းရှိ အထင်ကရပွဲတော်တစ်ခုဖြစ်သလို ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များလည်း ပွဲတော်ကို လာရောက်ပါဝင်ဆင်နွှဲလေ့ ရှိသလို မဲဆောက် ကျင်းပသည့် လွယ်ကထုံပွဲတော်သို့ ခရီးသွားအများအပြား လာရောက်လည်ပတ်ကြသည်ဟု မြို့တော်စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားချက်အရ သိရသည်။